Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Tuesday, November 22, 2011

တကယ့်သရုပ်အမှန်



ကျွန်တော် ကျွန်တော့အဖွားပြောပြပေးခဲ့တဲ့

နတ်သမီးပုံပြင်တစ်ပုဒ်ကို အခုထိမှတ်မိနေဆဲပါ။

တစ်နေ့မှာ အဖွားက ကျွန်တော့ကို

အင်မတန်မှ ချစ်ခင်နှစ်သက်ဖွယ်ပုံပြင်လေးတစ်ပုဒ်ကို ပြောပြတယ်။

ကျွန်တော်ဖြင့် အခုထက်ထိကို မေ့လို့မရနိုင်သေးတဲ့ ပုံပြင်လေးတစ်ပုဒ်ပေါ့။


ပျံလွှားငှက်ကလေးတစ်ကောင်ရှိခဲ့တယ်တဲ့။

သူက ပျော်ပျော်ပါးပါးလေးပဲနေတတ်တယ်။

သူပျံသန်းချင်တဲ့အချိန်မှာ ပျံသန်းပေးနိုင်တဲ့ တောင်ပံလေးတစ်စုံကို သူပိုင်ဆိုင်ထားတာပေါ့။


သူက မြစ်ထဲက ကျူပင်လေးကို မေတ္တာသက်ဝင်ချစ်ခင်ခဲ့မိတယ်။

နေ့စဉ်နေ့တိုင်း သူ့ချစ်သူလေးကို လာတွေ့တတ်တယ်။

သူ့ချစ်သူလေးရဲ့အနားမှာ တောင်ပံလေးနဲ့ ရေလွှာတွေကို ထိတွေ့ကာ လှည့်ပတ်ပျံသန်းရင်း

ငွေရောင် လှိုင်းလုံးလေးတွေကို သူ့ချစ်သူအတွက် သူက ဖန်တီးပေးတတ်တယ်။


ဒီ လူပျိုလှည့်တာက နွေရာသီအကုန်လောက်ထိ တည်တံ့ခဲ့ပေမယ့်

ဆောင်းရာသီမှာတော့ ရာသီဥတုဒဏ်ကြောင့်

သူက ချစ်သူသက်ထား ကျူပင်လေးနားမှ ခွဲခွါခဲ့ရတယ်။


သနားစရာ ကျူပင်လေးရယ်!!

သူလေးက နေ့စဉ်ရက်ဆက် ငိုလျှက် ကြွေခဲ့ရပြီပေါ့။

သူ (မ)တစ်ယောက် အထီးကျန်တစ်ကိုယ်တည်း၊

သူ(မ)ရဲ့ နစ်နာကြေကွဲ နာကြည်းချက်တွေကို နားထောင်ပေးမည့်သူ အလျဉ်းမရှိ။


ပြီးတော့---

ချစ်သူကိုပျံလွှားက သူ့ချစ်သည်းညှာကို တွေ့ဖို့ပင် တစ်ဖန်ပြန်မလာတော့ပါဘူး။

အဲဒီမြစ်ဟာ သူမရဲ့မျက်ရည်စက်တွေနဲ့ ပြည့်လျှံလို့သွားခဲ့တယ်တဲ့။


လေးလေးနက်နက်တွေးချိန့်ကြည့်မိတဲ့ သည်အချိန်အခါမှာ

ဒါဟာ နတ်သမီးပုံပြင်တစ်ပုဒ်မဟုတ်၊

ဒါဟာ ဘ၀ရဲ့တကယ့်သရုပ်အမှန်။


ပျံလွှားငှက်မှာ ပျံသန်းဖို့ တောင်ပံတွေရှိနေပါတယ်၊

ဒါပေမယ့်…….ကျူပင်လေးကတော့ မရှိရှာပါဘူး --။ ။


( Reality -ဆိုတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ကို ရင်ခွင်မဲ့ ခံစားကြည့်ခြင်း )

Friday, November 11, 2011

ဘုရားဖူးခရီးစဉ် အပိုင်း (၂)


ဒမ္ဘူလဘုရား

ဆယ်နာရီဝန်းကျင်တွင် ကားဒရိုင်ဗာရဲ့ Harmutharu, (Monk) This is Dambulla ဆိုတဲ့စကားကြောင့် ကားပြတင်းတံခါးဆီက အပြင်ကို ခဏတာလှမ်းကြည့်မိပါတယ်။ ဘုရားဖူးများကို တိတ်ဆိတ်ငြိမ်သက်စွာစောင့် ကြည့်နေသော ဂရင်းနစ် ကျောက်တောင်ကြီးရဲ့တည်ငြိမ်မှုတွေက စာရေးသူရဲ့ လေလွင့်နေတဲ့အတွေးစများကို ဖမ်းဆုပ်လို့ယူသွားပါ လေရဲ့။

ဟုတ်ပါတယ်။ ဒမ္ဘူလဘုရားနားကို ရောက်ပြီဆိုတာနှင့်တစ်ပြိုင်နက် ဒမ္ဘူလမြို့ဈေးလေးရဲ့တောက်ဖက် ကီလိုမီတာ အနည်းငယ်အကွာမှာ အလွန်ကြီးမားထည်ဝါလှသော ဂရင်းနစ်ကျောက်တောင်ကြီးက ဘုရားဖူး များကို တည်ငြိမ်စွာဖြင့်ဆီးကြိုနေတတ်ပါတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးနေရာ ယူထားသော ကျောက်ဆောင်ကြီးသည် အကျယ်အ၀န်းအားဖြင့် ကီလိုမီတာ ၁၅၂၊ အလျားမီတာ ၃၀၀၊ အမြင့်အားဖြင့် ၃၇ မီတာမြင့်မားသည်ဟုဆိုသည်။

ရံဂိရိဒမ္ဘူလသည် မတလေ (Matale) ခရိုင်တွင်တည်ရှိသော မြို့လေးတစ်မြို့ဖြစ်သည်။ ဒမ္ဘူလ ဘုရားသည် ဒမ္ဘူလရှိနောက်ထပ်ထင်ရှားကျော်ကြားလှသော ဆိဂိရိယကျောက်တောင်မှ ၁၂ မိုင်ကွာဝေးပြီး ကန္ဒီမြို့မြောက်ဖက် ၇၂ ကိုလိုမီတာနှင့်အနုရာဓပူရမြို့အရှေ့တောက်ဖက်၆၄ ကီလိုမီတာအကွာ လမ်းမကြီး ဘေးနားတွင် တည်ရှိပါသည်။

ကျောက်တောင်ကြီးရဲ့ခန့်ညားထည်ဝါမှုဟာ လှပခြင်းတစ်မျိုးဆိုရင်တော့ အဲဒီအလှတရားက စာရေးသူကို ညှိ့ယူဖမ်စားသွားပြီထင်ပါရဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ကားရပ်တာနက်တပြိုင်နက် ဗွီဒီယိုကင်မရာ လေးရယ်၊ ကိုယ့်ရဲ့ အကောင်းဆုံးမဟုတ်ပေမယ့် မရှိကောင်းတဲ့အကောင်းဆုံးကင်မရာလေးရယ်ကိုကိုင်စွဲရင်း ပေါ့ပါးနေတဲ့ခြေလှမ်းတွေက တောင်ပေါ်ဘုရားဆီသို့ဦးတည်နေသွားနေလို့ပါပဲ။ ဘုရားရှင်ရုပ်တုတော်တွေ၊ ဘုရားဖူးဆရာတော်တွေကို အလှအပအတိအကျမဟုတ်ပေမယ့်အမိအရဓာတ်ပုံ၊ ဗီဒီယိုဖမ်းရိုက်နေရတာမို့ ဘုရားအာရုံကို စိတ်ထဲမှာပဲမွှမ်းထုံနေရတယ်။ ဒီကြားထဲ လက်ထဲက ဆရာတော် (S. Dhammika) ဓမ္မိကရဲ့ (Sacred Island ) ဘုရားဖူးလမ်းညွှန်စာအုပ်ကိုလည်း မကြာခဏကုန်းဖတ်ရင်း ဘုရားသမိုင်းကြောင်းလေး တွေကို ရှင်းပြရတာက တစ်မျိုး ဆိုတော့ ကုသိုလ်တွေတော့ အထပ်ထပ်တိုးမယ်ထင်ပါတယ်လေ။

ဘုရားကြီးကျောင်းတိုက်အထဲသို့ဝင်ပြီးလေ့လာကြည့်မယ်ဆိုရင် သီဟိုဘာသာရေးယဉ်ကျေးမှု အနုပညာလက်ရာများနဲ့အတူ ဘုရားသမိုင်းကြောင်းကိုပါလေ့လာဖတ်ရှုခွင့်ရနိုင်ပါတယ်။ ဓာတ်ပုံမှတ်တမ်းတင် ရန် ၀ါသနာပါသူများအနေဖြင့်လည်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ရင်း ဘုရားရင်ပြင်ရဲ့ အေးချမ်းသာယာမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ လမ်းမကြီးကနေ ကျောက်တောင်ပေါ်သို့ လမ်းလျှောက်တက်မည်ဆိုလျှင် ခပ်မတ်မတ် ကျောက်လှေ ကားထစ်များကနေပြီး မီတာ ၃၀၀ ခန့်တက်သွားရပါမည်။ ကျောက်လမ်းခရီး ကျောက်လှေကား ထစ်များ ပေါ်တွင် ရေများရှိနေသဖြင့် သတိထားလျှောက်သွားဖို့လိုအပ်ပါတယ်။ လမ်းတ၀က်မှာ နေပူဒဏ်တွေ ကို ကာကွယ်ဖို့ ထီးလေးတွေသယ်ဆောင်လာသွားလျှင်ပိုမို အဆင်ပြေမှာပါ။ စာရေးသူကတော့ နေပူဒဏ်ကို ဘုရားအာရုံခံကာ အေးချမ်းမှုအဖြစ်ယူဆပြီး သည်းခံလိုက်ပါရဲ့။

ကျောက်လှေကားလမ်းကြောတစ်လျှောက် ဘုရားပန်းတွေ၊ စားသောက်စရာလေးတွေကို လိုက်လံ ရောင်းချပေးနေကြတဲ့ ဈေးသည် တကာတကာမများကို တွေ့ရမြင်ရတဲ့မြင်ကွင်းများက အမောပြေပြီးရွှင်လန်း စေပြန်ပါတယ်။ သီဟိုသူ၊သီဟိုသားတွေက တခြားနိုင်ငံသားအများစု ပိုင်ဆိုင်ဖို့ခက်ခဲလှတဲ့ အဖိုးတန်၇တနာ တစ်ခုကို ပိုင်ဆိုင်ထားသူများဖြစ်ပါတယ်။ အဲဒါကတော့ ရိုးရှင်းဖြူစင်တဲ့ သူတို့ရဲ့ချစ်စဖွယ်အပြုံးလှလှလေးတွေ ပါပဲ။ အသက်အရွယ်မရွေးမည့်သည့်သီဟိုသူ၊ သီဟိုသားကိုမဆို ပြုံးသာပြလိုက်ပါ၊ သူတို့က အလိုလိုကို ခင်မင်တတ်တဲ့အပြုံးလေးတွေနဲ့ ချက်ချင်းပဲ ပြန်လည်မျှဝေပေးတတ်ကြပါတယ်။ ကိုယ်က မေ့နေလို့မပြုံးပြ ဖြစ်ရင် သူတို့က ပြုံးပြတတ်ကြပါတယ်။ သူတို့ရဲ့အပြုံးလှလှလေးတွေဟာ သူတို့ရဲ့ အလှတွေကိုတန်ဆာဆင်ပေး လိုက်သလိုပါပဲ။ သူတို့ရဲ့ ဘာသာတရားအတွေးအမြင်၊ ခံယူချက်များနဲ့ ဘုန်းကြီးတွေအပေါ်မှာ ရိုသေလေးစား ကိုင်းရှိုင်းမှုများကတော့ စံထားလောက်တာ တကယ်အမှန်ပါ။

လမ်းခရီးတစ်လျှောက်မှာ သီဟိုရဲ့ဗိသုကာပညာများကို စိတ်ဝင်တစားလေ့လာမှတ်သားနေကြသော နိုင်ငံတကာက လေ့လာရေးသမားတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေကို တွေ့မြင်ရပြန်တော့ ကိုယ်ကလည်း ဘ၀မှာ တစ်ကြိမ်တစ်ခါလောက်လွပ်လွပ်စွာ သူတို့လိုသွားလာခွင့်၊ လေ့လာခွင့်တွေရဖို့တောင်းတချင်သလိုလို ဖြစ်ခဲ့မိတာတော့ ၀န်ခံစရာလေးတစ်ခုပါပဲ။ အခုလိုသွားလာပြီး ဘုရားဖူးဆရာတော်တွေကို သက်ဆိုင်ရာဘုရား သမိုင်းနဲ့ပတ်သက်လို့ ဖတ်မိသမျှ လိုရင်းကျအောင် ရှင်းပြပေးခွင့်ရတာလည်း လေ့လာခြင်းတစ်မျိုးပါပဲလို့ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ဆုပေးနေမိပြန်ပါတယ်။







ဒမ္ဘူလတောင်ပေါ်မှာ အခြားသောမရှေးဟောင်းကျောက်ဘုရားကျောင်းတော်များလည်း ရှိပါတယ်။ အဓိကပင်မ ဘုရားကျောင်းများကတော့ အမ္ဗုလမ္ဗေ၊ (Ambulambe) ဗမ္ဗာဝ (Bambava)နဲ့ ဒမ္ဘာဝ (Dambava)တို့ပဲဖြစ်ကြပါတယ်။ ဒမ္ဘူလ၀ိဟာရဲ့သမိုင်းကြောင်းက ၇ှည်လျားလှပါတယ်။ ကျောက်လိုဏ်ဂူတစ်ခု ပေါ်မှာ ဘုရင်ကြီးသဒ္ဓါတိဿက ရဟန်းတွေကို လှူဒါန်းထားကြောင်းနဲ့ပတ်သက်လို့ ကျောက်စာမှတ်တမ်းရေး ထိုးထားပါတယ်။ ဘီစီ ၂ ရာစုခန့်က ရဟန်းတော်များ ဒီတောင်ပေါ်မှာ သီတင်းသုံးကာ တရားဓမ္မအားထုတ်ခဲ့ ကြပါတယ်။ ဘေးပတ်ဝန်းကျင်မှာလိုဏ်ဂူပေါင်း ၇၀ ခန့်ရှိသေးသည်ဟုသိရသည်။ စူလ၀ံသအလိုအရ ပေါလုနာရုဝမြို့ကို အုပ်ချုပ်စိုးစံသော ၀ိဇယဗာဟုဘုရင် (၁)သည် သည်ဒမ္ဘူလတောင်ကို ပြန်လည်ပြုပြင်မွမ်းမံ ခဲ့သည်ဟုသိရပါသည်။ ကျောက်စာအဆိုအရ ၁၂ ရာစုတွင် နိဿံကမလ္လာမင်းက ဒမ္ဘူလကိုဘုရားဖူးကြွပြီး လျောင်းတော်မူဘုရား၊ ထိုင်တော်မူဘုရားနှင့် ရပ်တော်မူဘုရားရုပ်တုများကိုထုလုပ်ပူဇော်ခဲ့ပါတယ်။ ပြန်လည်ပြုပြင်မွမ်းမံမှုများလည်းလုပ်ခဲ့ပါသည်။ ထို့အပြင် ဘုရားဆင်းတုတော် ၇၃ ခုကိုပါ ထုလုပ်ကိုးကွယ်ခဲ့ သေးသည်ဟုသိရပါသည်။ ကန္ဒီမြို့ဘုရင် သေနရ်က ဘုရားဆင်းတုများတွင်မျက်စိတော်များကို ပြုပြင်ပြီးပြန် လည်ထည့်သွင်းပူဇော်ခဲ့သည်။ တကယ်တော့ ဒမ္ဘူလတောင်ပေါ်တွင် ၀ိမလဓမ္မသူရိယ (၂) နှင့်အခြားသော ဘုရင်များကပါ ကျောင်းဆောင်များကိုပြုပြင်မွမ်းမံကာ ပူဇော်ခဲ့ကြသည်။

ဒမ္ဘူလဘုရားပေါ်၇ှိ ဆေးပန်းချီ၇ုပ်ပုံများကို ၁၈ ရာစုနှင့် ၁၉ ရာစုအစောပိုင်းတွင်ရေးဆွဲခဲ့တာ ဖြစ်ပါ တယ်။ အခြားအချို့သော ဆေးပန်းချီရုပ်ပုံများကိုမူ ၂၀ ရာစု အစောပိုင်းတွင် ရေးဆွဲခဲ့သည်။ ဒမ္ဘူလလိုဏ်ဂူများ သည် ပြောင်မြောက်လှသော ဆေးပန်းချီ-နံရံပေါ်၊ အမိုးပေါ်ရှိ လက်ရာများကြောင့် ယခုအခါ ပိုမိုထင်ရှား ကျော်ကြားနေပါသည်။ ဆေးပန်းချီပုံစံများကိုမူကား တူညီသောပုံစံများ အဖြစ်ဖြင့် ရေးဆွဲထားခြင်းပင်ဖြစ်သည်။ လိုဏ်ဂူအတွင်းရှိ ပုံများသာ ဆေးရောင်များကျန်ရှိပါတော့သည်။ အပြင်မျက်နှာပြင်ရှိ ဆေးပန်းချီးများသည်ကား ရာစုနှစ်ပေါင်းများစွာပြန်လည်ပြုပြင်မွမ်းမံထားပုံရပါသည်။ ဘုရားရုပ်တုများကိုမူ သစ်သား၊ ပလာစတာ၊ ကျောက်တုံးစသည်တို့ဖြင့် ပုံစံအလိုက်ထုလုပ်ထားသည်ဟု သိရပါသည်။ အဆိုပါရုပ်တုများမှာ ဖြစ်နိုင်ခြေ အားဖြင် အနုရာဓပူရခေတ်နှောင်းပိုင်ခန့်ကဟု ခန့်မှန်းရပါတယ်။

သည်ကျောင်တောင်လိုဏ်ဂူဘုရားဆီကို ရောက်ပြီဆိုတာနှင့် ပထမဆုံး ဒေ၀ရာဇာလိုဏ်ဂူနှင့် ဗိဿနိုးကျောင်းဆောင်သေးသေးလေးကိုတွေ့နိုင်ပါသည်။ အဆိုပါ ကျောင်းဆောင်းလေးမှာ ကင်မရာတွေနှင့် တဖြတ်ဖြတ်အလုပ်ရှုပ်နေကြသောတိုးရစ်စ်များနှင့် ဟိန္ဒူနတ်ဘုရားဆီမှာ ဆုတောင်းနေသော ဒေသခံတစ်ချို့ ကို လေ့လာတွေ့ရှိနိုင်သည်။ ဒေ၀ရာဇလိုဏ်ဂူသည် ဒမ္ဘူလတွင် အကြီးမားဆုံးနှင့်အရေးအပါဆုံး လိုဏ်ဂူ ဖြစ်ပါတယ်။ သည်ဂူတွင် ဆေးဆိုးပန်းချီပုံများ ၆၀ အထိရှိသည်ဟု လေ့လာသိရှိရပါတယ်။ လိုဏ်ဂူသည် ၃၇ မီတာရှည်လျားပြီး ၂၃ မီတာကျယ်ဝန်းကာ၊ ၂၇ မီတာမြင့်မားမှုရှိပါသည်။ ဒုတိယအကြီးဆုံလိုဏ်ဂူမှာမူ မဟာအတုလဂူပင်ဖြစ်သည်။ ၂၇ မီတာရှည်လျားပြီး၊ ၂၄ မီတာကျယ်ဝန်းကာ ၁၁ မီတာမြင့်မားသည်။ သမိုင်းဝင်ဒမ္ဘူလလိုဏ်ဂူတွင်ဘုရားဖူးရတာ အေးချမ်းမှုအပြည့်အ၀ရရှိတာတော့အမှန်ပါပဲ။ ကျောက်ဆောင်က အေးချမ်းပြီးတိတ်ဆိတ်နေတာမို့ ဘုရားအာရုံပြုရတာ ပိုမိုလွယ်ကူတာပေါ့လေ။ တတ်နိုင်သမျှ ဘုရားဂုဏ်ကို အာရုံယူပြီး ဘုရားပန်းကို ကပ်လှူပူဇော်ရတာဖြင့် ရင်ထဲမှာ အေးချမ်းလှပါတယ်။

စာရေးသူတို့က ကမ္ဘာမှာ အကောင်းဆုံး၊ ခေတ်အမီဆုံးဖက်ရှင်ဝတ်စုံနဲ့ နိုင်ငံခြားသား တက္ကသိုလ်ကျောင်းသားတွေ၊ဘုရားဖူးဘုန်းကြီးတွေဆိုတော့လည်း ဒေသခံတွေရော၊ ကမ္ဘာလှည့်ခရီးသည်တွေ ကပါ စာရေးသူတို့နဲ့ စကားစမြည်းပြောချင်ကြတာ၊ ဓာတ်ပုံတွဲရိုက်ချင်ကြတာဟာ သိပ်အံ့သြစရာမဟုတ် လှဘူးထင်မိပါရဲ့။ ဗွီဒီယိုကင်မရာကိုခဏပိတ်ကာ ရှည်လျားဝေးလံလှတဲ့တောင်အောင်မြင်ကွင်းကျယ်ကြီး လှမ်းမျှော်ကြည့်ရင်း နောက်ထပ်ဆက်သွားရမည့် ဆိဂီရိယကျောက်တောင်ခရီးဆီသို့ အတွေးတွေကစီးဆင်း လို့သွားပြန်တယ်။ ။

Tuesday, November 1, 2011

သီရိလင်္ကာနိုင်ငံတစ်ဝှန်းဘုရားဖူးခရီးစဉ် အပိုင်း (၁)



‘‘ငါးနာရီထိုးတော့မယ်၊ ခဏနေရင် ကားရောက်တော့မယ်လေ၊ လုပ်စရာရှိတာတွေ ကြိုလုပ်ထားမှ ဖြစ်မယ်ထင်တယ်’’--ဆိုတဲ့ သူငယ်ချင်းရဲ့ အသံက နိုးတစ်ဝက်အိပ်ပျက်ညရဲ့ မှေးစက်ခွင့်ခဏကို ရပ်တန့်လိုက်ပါ တော့တယ်။ အိပ်ချင်မူးတူးဖြစ်နေသော မျက်ဝန်းအစုံကိုနှစ်သိမ့်ရင်း ကိုယ့်ဘ၀ရဲ့ဆိုးတူ ကောင်းဖက်၊ ကိုယ့်အပေါ်အမြဲတမ်း နားလည်ပေးတတ် တဲ့သူလေးကို အသာအယာပွေ့ဖက်ရင်း အဆောင်အောက်ထပ်ကို ဆင်းလာမိပါတော့တယ်။ သူလေးကတော့ ကိုယ်သွားလေရာကိုယ့်နဲ့အမြဲမကွာလိုက်ပါတတ်တဲ့ လက်ပ်တော့ ကွှန်ပျူတာလေးပါပဲ။ အခုလည်း သီရိလင်္ကာနိုင်ငံအနှံ့ဘုရားဖူးသွားမည့် ခရီးစဉ်တွင် သူလေးကကိုယ့်နဲ့ မခွဲမခွါလိုက်ပါနေမြဲပဲလေ။

ကျောင်းဝင်းထဲကဗောဓိပင်အောက်ရောက်တဲ့ခဏမှာ ၁၉-၁၀-၁၁ နေ့ရက်ရဲ့ နံနက်အာရုံအလင်းတန်း ရောင်ခြေလေးတွေ၊ နူးညံ့သိမ်မွေ့လှတဲ့လေပြေအေးလေးတွေက လေးလံထိုင်းမှိုင်းဖြစ်နေတဲ့ စာရေးသူကို လန်းဆန်းသွားစေခဲ့တာတော့အမှန်ပါပဲ။ မနက်ငါးနာရီခန့်တွင် ကားသမားရောက်လာတယ်။ ခရီးသွားရာတွင် လိုအပ်မည့်ပစ္စည်းတွေကားပေါ်တင်ပြီးတဲ့နောက်မှာတော့ စင်္ကာပူနိုင်ငံနှင့်အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့က သီရိလင်္ကာ နိုင်ငံသို့ ဘုရားဖူးကြွလာကြတဲ့ဆရာတော်နှစ်ပါးကို ဘုရားဖူးလိုက်ပို့ပေးမည့်ဘုရားဖူးခရီးစဉ်ကို သူငယ်ချင်း နှစ်ပါးနဲ့အတူစတင်လိုက်ကြပါတယ်။

မနက်ငါးနာရီခန့်မို့ ကိုလမ်ဘိုမြို့ကလေးရဲ့ ကားလမ်းတွေက သိပ်ပြီးရှုပ်ထွေး၊ ဆူညံမှုမရှိသေးပါဘူး၊ အေးစက်စက်စိမ်းကားတဲ့မျက်ဝန်းအစုံနဲ့ကြည့်နေဟန်ရှိနေတယ်လို့ထင်ရတဲ့ ကိုလမ်ဘိုမြို့တော်ရဲ့ လမ်းမကြီးရဲ့ တစ်လျှောက် တိုက်ခန်းနဲ့ဆိုင်တန်းလေးတွေ၊ ပြေပြစ်ညီညာလှတဲ့ ကားလမ်းမကြီးတွေက သူတို့ရှေ့မှောက်မှာ တ၀ီဝီပြေးလွှားနေသော ကားလေးနဲ့စာရေးသူတို့ ဘုရားဖူးခရီးသည်သံဃာငါးပါးကို လေးပြေလေအေးလေး တွေနဲ့အတူ တိတ်ဆိတ်ငြိမ်သက်မှု၊ အေးချမ်းသာယာမှုရသတစ်မျိုးကို မျှဝေခံစားခွင့်ပေးနေသလိုပါပဲ။ နံနက်ခင်းအလင်းရောင်စဉ်တန်းတွေကြောင့် စိတ်ထဲမှာပေါ့ပါးမှုတစ်ခုခုကို ထိတွေ့ခံစားခွင့်ရနေတာတော့ အမှန်ပါပဲ။

ဒီတစ်ခေါက်ဘုရားဖူးထွက်တာက တကယ်တော့ ဒုတိယအကြိမ်မြောက်ဘုရားဖူးသွားခြင်းပါပဲ။ ၂၀၁၀ နှစ်ဦးပိုင်မှာကတည်းက သီရိလင်္ကာနိုင်ငံတစ်ဝှန်း ဘုရားဖူးထွက်ကာ သီဟိုနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ် တွေကို ကြိုတင်လေ့လာထားပြီးပါပြီ။ စာရေးသူတို့ ကေလနိယတက္ကသိုလ်မှာလေ့လာသင်ယူရတဲ့ ဘာသာရပ် တွေထဲကတစ်ခုဖြစ်တဲ့ ME 23. Buddhist Art and Architecture-II (Sri Lanka) ဘာသာရပ်အတွက် အထောက်အကူအဖြစ်စေဖို့ မြန်မာစာသင်သားရဟန်းတော်အများစုသည် ကျောင်းမတက်ခင်ကာလမှာ သီဟိုနိုင်ငံဗိသုကာပညာရပ်နဲ့ယဉ်းကျေးမှုအမွေအနှစ်တွေကို ကြိုတင်လေ့လာတဲ့အနေနဲ့ တစ်နိုင်ငံလုံးကို ဘုရားဖူးသွားလေ့ရှိကြပါတယ်။ သူငယ်ချင်းတွေအနဲ့အတူ ခရီးသွားရတယ်ဆိုတာ အရမ်းကိုရင်ခုန်ကြည်နူးစရာ တစ်ခုမဟုတ်ခဲ့ရင်တောင်မှ နှစ်သက်ကြေနပ်စရာတစ်ခုတော့ဖြစ်ခဲ့တယ်ဆိုတာကို အခုတစ်ခေါက်ဘုရားသွားမှ ပြန်လည်ကာပိုမိုအမှတ်ရနေမိသလိုပါပဲ။

ဗုဒ္ဓဘာသာမှာ ဘုရားဖူးသွားတယ်ဆိုတာဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုတွင်ပါဝင်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ ဘ၀မှာ တစ်ကြိမ်တစ်ခါလောက်ပဲ ဖြစ်ဖြစ် ဘုရားရှင်ဖွားတော်မူရာ၊ သဗ္ဗညုတဥာဏ်တော်ကိုရရှိတော်မူရာ (ဘုရားပွင့်တော်မူတဲ့နေရာ)၊ တရားဦး ဟောတော်မူရာနှင့် ပရိနိဗ္ဗာန်ပြုတော်မူတဲ့နေရာများကို သွားရောက်လည်ပတ်ဖူးမြော်သင့်တယ်လို့ ဟောပြခဲ့ တယ်ဆိုတာကို ဒီဃနိကယ်မှာဖော်ပြထားပါတယ်။ ဘုရားဖူးထွက်တာက မိမိရဲ့အသိဥာဏ်ပညာအပေါ်မှာ အခြေပြု၍ စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်မှုအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ဗုဒ္ဓဘာသာအလိုအရဘုရားဖူးထွက်တယ်ဆိုတာက အားလပ်ရက်မှာပျော်ပွဲစားထွက်သလို အပန်းဖြေ သက်သက်တော့မဟုတ်ပါဘူး။ အဲလိုလဲမဖြစ်သင့်ပါဘူးလေ။ ပြဿနာက အခုခေတ်မှာ လူတော်တော်များများ (ဘာသာရေးခေါင်းဆောင်များအပါအ၀င်) ဘုရားဖူးကို အပန်းဖြေခရီးလိုမျိုး ပြောဆိုပြုမူ ဆောင်ရွက်နေကြတာ တွေကိုလည်း ကြားသိတွေ့မြင်ခံစားနေရတာပါပဲ။ မိမိရဲ့အသိအဥာဏ်နဲ့ စိတ်ဓာတ်တို့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုခုကို ရရှိခံစားနိုင်ဖို့အတွက် ကြည်ညိုမြတ်နိုးမှုသဒ္ဓါတရားကိုအခြေပြု၍ အသိဥာဏ်ပညာဖြင့်ချိန်ဆကာ ဘုရားရှင်၏ ဂုဏ်တော်ကိုအာရုံပြုရင်း ဘာသာရေုးဆိုင်ရာနေရာများကို သွားရောက်ဖူးမြော်သင့်ပါတယ်။ ဘုရားရှင်ဖွား၊ပွင့်၊ ဟော၊စံနေရာများကို သွားရောက်ဖူးမြော်ရုံမျှနဲ့တော့ သာမန်ပုဂ္ဂိုလ်တစ်ယောက်ဟာ လူအများပြောနေကြသလို အပါယ်ကလုံးဝလွတ်မယ်ဆိုတာ မဟုတ်မှန်ပါဘူး။

အခုစာရေးသူတို့ကတော့ အပါယ်တံခါးပိတ်ဖို့ ဘုရားဖူးထွက်တာမဟုတ်ကြောင်းကို ရိုးသားစွာဝန်ခံရပါ ဦးမယ်။ ဘုရားဖူးလိုက်ပို့ပေးခြင်းဖြင့်ကုသိုလ်လည်းရ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဗိသုကာပညာရပ်တွေ ကိုလည်း တက္ကသိုလ်ကလေ့လာသင်ကြားခဲ့ရတဲ့အတိုင်း ရှုထောင့်မျိုးစုံမျိုးကနေပြီးတော့အသစ်တစ်ဖန် ပြန်လည် လေ့လာခံစားဖို့အတွက်ပါပဲဖြစ်ပါတယ်။ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ဗောဓိပင်မှ စိုက်ထူထားခဲ့သော ဗောဓိပင်မြတ်ရယ်၊ ဘုရားရှင်ရဲ့စွယ်တော်မြတ်ရယ်၊ ဘုရားရှင်ကြွတော်မှုခဲ့တဲ့နေရာတွေရယ်၊ ဘုရားရှင်၏ခြေတော်ရာတွေရယ်၊ အရှင်မဟိန္ဒကြွပြီးသာသနာပြုခဲ့သော ကိုးတိုင်းကိုဌာနသာသနာပြု လုပ်ငန်း စဉ်များနဲ့ဆက်စပ်တဲ့နေရာတွေစတဲ့ ဘာသာရေးဆိုင်ရာမြင့်မြတ်သောနေရာများစွာတို့ရှိနေပါတယ်။ ကမ္ဘာမှာ သီရိလင်္ကာနိုင်ငံဟာ အံသြဖွယ် ကောင်းလောက်အောင်ကြီးကျယ်မြင့်မြတ်သောဗုဒ္ဓဘာသာစာပေတွေ၊ ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တွေထွန်းကာရာ နယ်မြေတွေနဲ့ပြည့်ဝသော နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။

အခုစာရေးသူတို့ ဘုရားဖူးကားလေးကတော့ဖြင့် ပထမဆုံးခရီးစဉ်အနေဖြင့် ဒမ္ဘူလဘုရား၊ ဒမ္ဘူလတောင်ပေါ်ဆီသို့ ဦးတည်ပြေးလွှားနေပါရဲ့။ ဘု၇ားဖူးပြီးတောင်ပေါ်တက်ရင်းဘာသာရေးအမွေအနှစ် တွေကို လေ့လာနိုင်ဖို့အတွက် အင်အားတွေလိုနေတယ်လေ။ ဒါကြောင့် မနက် ၇ နာရီခန့်မှာ ဆရာတော်တွေ အာရုံဆွမ်းဘုဉ်းပေးဖို့ လမ်းခရီးတစ်လျှောက်မြို့တစ်မြို့မြို့တွင် သင့်လျှော်မည့်စားသောက်ဆိုင်ကိုရှာပြီး ဆွမ်း ကိစ္စစီစဉ်ရဦးမယ်လို့ လွင်ပြင်ကျယ်ကွင်းပြင်လေးတွေဆီကို ငေးမောရင်း စဉ်းစားနေမိပါတော့တယ်။ ။