Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Wednesday, February 15, 2012

အတ္တကိုထုဆစ်ကြည့်ခြင်း



သူ……

သူ့ကြေးမုံ…..သူ့စာမျက်နှာ…လှပလို့ ဖူးပွင့်ဝေဆာ၊

အမြင်မှန်ဆို ပကတိမှန်ထက်ကို မှန်နေတယ်။

ပရဟိတအကျိုး သူသယ်ပိုးပုံက

ဗောဓိသတ္တ၀တောင် လက်မြှောက်လို့ အရှုံးပေးရတော့မလိုလို--။


သူ ---

သူ့ဘ၀…..သူ့စိတ်ထား….မြင့်မြတ်-လင်းလက် လိုက်ပုံက-----

ကောင်ကင်ထက်မြင့်တဲ့ ကြယ်စင်၊

လမင်းလိုဖြူစင်၊ ငွေရောင်ထက် တောက်ပကာ ရွှင်လန်း၊

သမုဒ္ဒရာထက် နက်ရှိုင်းကျယ်ဝန်းလို့ နှင်းပွင့်လေးလို လှပဝေဆာနေ---။


သူ……

သူ့အမြင်--သူ့အတွေး----သန့်ရှင်းလို့ခိုင်မြဲ…..

မွန်မြတ်တဲ့သူ့အဓိဌာန်….ကမ္ဘာကြီးကိုကာကွယ် ..စကြာဝဠာကို ၀န်းရံ၇င်း……

ငြိမ်းရေးဗိသုကာ--ပညာရွှေအိုး…ကိုယ်ကျင့်တရားမဏ္ဍိုင်တွေနဲ့

တရားမျှမှုတွေ စိုးမိုးစေမယ်..။


သူ…..

သူ့ပညာ---သူ့အမြင်တွေနဲ့ လောကကို အလင်းပေး--မေတ္တာတွေဖြန့်ဝေကာ ၇ှင်သန်မယ်--၊

သူ့သမိုင်းတံခွန်ကို--ကောင်ကင်က ကြယ်စင်တွေတောင် မော့ကြည့်စေရမယ်…၊

ဒါပေမယ့်…လှပလို့ ရှင်သန်..အမြင့်မြတ်ဆုံး..သူ့သရုပ်အမှန်က--

ခြောက်သွေးနေတဲ့…သဲကန္တာရသစ်ပင် --လှလှပပ ကိံဖလ အဆိပ်သီး --။


သူ…သူတို့…

ငါ...ငါတို့ စတဲ့

အမည်နာမ..ပညတ်ချက်တွေကြောင့်…

ရှင်သန်နေတဲ့ အတ္တအလှ..အတ္တသုခုမတွေ ကျိုးပဲ့သွားမလေမလားလို့…

မရေရာတဲ့..စိုးထိတ်မှုတွေနဲ့-ဆက်လက်-ထုဆစ်ဖို့ မ၀ံ့မရဲတော့ပါဘူး..

ဒါလည်းပဲ အတ္တတစ်ခုလေလား…..

Tuesday, January 31, 2012

ယုံကြည်ရာ အမှန်တရားလား



ကမ္ဘာကြီးကပြောတယ်----

ငါရှိလို့သာ သတ္တ၀ါတွေ ဆောက်တည်ရာတစ်ခုရကြတာပါတဲ့။




နေမင်းကြီးက ရုတ်တရက်ထ ပေါက်ကွဲတယ်----

ငါသာအလင်းရောင်မပေးရင်

မင်းတို့တွေ ရှင်သန်ခွင့်ဘယ်လိုရနိုင်မလဲတဲ့။


လမင်းကြီးက မဲ့ပြုံးပြုံးကာ ဆိုပြန်တယ်----

ငါရဲ့ အေးမြရိပ်ကြောင့်ပဲ မင်းတို့တွေ အေးချမ်းစွာမှေးစက်ခွင့်ရနေကြတာပါကွာ-တဲ့။


ပန်းကလေးက သစ္စာဆိုတယ်---

ငါမရှိရင် ဒီကမ္ဘာမှာ အလှတရားတွေ ပုပ်သိုးသွားနိုင်တယ်တဲ့။


ငှက်ကလေးတွေက တိုးတိုးလေးဆိုပြန်တယ်---

ငါ့ရဲ့သံစဉ်တွေကြောင့် ဒီကမ္ဘာက သာယာချိုမြ ငြိမ်းချမ်းလှတာတွေ၊

ဂီတဖန်တီးရှင်၊ ငြိမ်းချမ်းရေးဖန်တီးရှင်ဆိုတာ ငါတို့ပဲဆိုတာတွေကို သူတို့-- သူတို့သိပုံမပေါ်ဘူးတဲ့။


သမုဒ္ဒရာကြီးက စီးဆင်းဆဲ မျက်ရည်စက်တွေနဲ့ ရင်နင့်စွာဖွင့်ဟတယ်----

ငါသာမရှိရင် မင်းတို့တွေ ဘယ်လိုရှင်သန်နေထိုင်ကြမလဲတဲ့။


သစ္စာတွေကိုယ်စီနဲ့ အမှန်တရားတွေကို လှောင်ပြောင်နေကြတာ

သူတို့တွေလား--ငါတို့တွေလား--အမည်နာမမ၇ှိတဲ့ ပညတ်တရားတွေကြောင့်လား--?


အမှန်တရားတွေ ပုပ်သိုးလို့--

နွေးထွေးတဲ့ ငြိမ်းချမ်းမှုတွေ --မျှတတဲ့ လွပ်လပ်မှုတွေ------တွေ--

မကြာခဏ---ဘောင်ခတ်ခံနေရတာ-ဟာ---

လူ့ အတ္တတွေကြောင့်လား---?

ဒါမှမဟုတ်

အမှန်တရားတွေက အတ္တကို စက်ဆုပ်သွားကြတာလား---?

အမှန်သစ္စာတရားတွေဟာ စကားလုံးတွေရဲ့ ဘောင်ခတ်မှုကို ခံလိုက်ရလို့

သူ့ရဲ့ငြိမ်းအေးမှု သန္တရသတွေတော့ မပျောက်ကွယ်လောက်ဘူး---။ ။

ယုံကြည်ရာ အမှန်တရား--လား ?--?

?- - -- - -?


Tuesday, January 24, 2012

သင့်ရဲ့ကမ္ဘာ၊ လင်းလက်ဖြာစေ-


ပန်းလှမျိုးစုံ၊ ဖွင့်ဖူးငုံတို့၊

နေ့ညမပြတ်၊ စာဖတ်-မှတ်လို့၊

သိမြင်ပညာ၊ ပြည့်ဝရှာလော့။


စာပေမြတ်နိုး၊ ဆင့်ကာပျိုးဖို့၊

စာကောင်းပေမွန်၊ ဖတ်မှတ်မှန်မှ၊

တွေးချိန့်ချိန်တတ်၊ ပြုပြင်တတ်၏။


စာပေအများ၊ ဖတ်ပါများလည်း၊

ဆင်ခြင်ဥာဏ်ဓား၊ တုံးများသွားရင်၊

စာကလူကို၊ ဖတ်ကာဆိုလိမ့်။


ပြုပြင်ဆန္ဒ၊ ရှိကာမျှဖြင့်၊

စာကိုမသိ၊ စာပေညှိမူ၊

မိုက်မဲနောင်တ၊ ရတတ်စွ၏။


မှား-မှန်မြင်သိ၊ ပညာရှိဖို့၊

အသိအကျင့်၊ ချိန်ခွင်ဆင့်ရင်း၊

သင့်ရဲ့ကမ္ဘာ၊ လင်းလက်ဖြာစေ--။၊

Thursday, January 19, 2012

မျှော်လင့်မထားတဲ့ မျှော်လင့်ချက်



၁၄၊ ၇၊ ၂၀၁၁ ကြာသာပတေးနေ့ဟာ သီဟိုဠ်နိုင်ရဲ့ ဥပုသ်နေ့ (ပေါယဒေး) ဖြစ်လို့ တနိုင်ငံလုံးရှိ အစိုးရရုံးများ၊ ကျောင်းများ၊ ဘဏ်များကိုပိတ်ထားပါတယ်။ ဒီလိုမျိုး ပိတ်ပေးတာဟာ ဥပုသ်နေ့မှာ နိုင်ငံသူ၊ နိုင်ငံသားတွေ ကုသိုလ်တရားများ တိုးပွားအောင်ဆောင်ရွက်နိုင်စေခြင်း၊ တရားဘာဝနာများကိုပွားများ အားထုတ်နိုင်စေခြင်းစသည်တို့ကို လုပ်ဆောင်နိုင်ရန် ရည်ရွှယ်ခြင်းဖြစ်တယ်လို့သိရပါတယ်။ သီဟိုဠ်နိုင်ငံသား များဟာ ဘာသာရေးပွဲတော်များကို ခန့်ခန့်ညားညားနဲ့ဆင်ယင်ကျင်းပကြပြီး တည်ငြိမ်အေးချမ်းစွာနဲ့ပဲ ပွဲတော်များကို သွားရောက်လည်ပတ်လေ့ရှိကြသူတွေ ဖြစ်ပါတယ်။

ကံကောင်းတယ်ပဲ ပြောမလား မသိဘူး။ ဒီနေ့ စာရေးသူလည်း ပေါယဒေးအားလပ်ရက်မို့ အနားယူခွင့် ရနေတာတော့ အမှန်ပဲလေ။ (ပေါယဒေး (ဥပုသ်နေ့) ဆိုတော့ ကျောင်းပြီးသွားတာနဲ့ နောက်ထပ်ပြင်ပ အင်္ဂလိပ်စာဒီပလိုမာဘွဲ့တစ်ခုတက်နေတဲ့ တက္ကသိုလ်ကလည်းပိတ်ပါတယ်။ အဲဒီအတွက် တစ်ပတ်လေးရက် ကျောင်းဆက်လက်တက်နေရတာဖြစ်ပါတယ်။) ပင်ပန်းနွမ်းနယ်သမျှ ပေါယဒေးကျမှ အေးအေးဆေးဆေး အနားယူ ကျိန်းစက်လိုက်ဦးမယ်ဆိုတဲ့အကြံနဲ့ ၁၃၊ ၇၊ ၂၀၁၁ ရက်နေ့က တော်တော်ညဥ့်နက်မှ အိပ်ရာဝင်ခဲ့ မိတယ်။ နားထဲမှာအလွန်ရင်းနှီးနေတဲ့ သာယာတဲ့သံစဉ်တစ်ခကိုကြားနေရတယ် ဒါပေမယ့် တိကျသေချာတဲ့ ဘာသာပြန်ဆိုမှုကို အသိအာရုံမှာရှာမရပြန်ဘူး။ ဒီသံစဉ်က ဆက်တိုက်ဆိုသလို နားထဲကိုစူးဝင်လာပြန်ရော။ လေးလျောင်းနေတဲ့လက်ချောင်းလေးတွေက ဟောင်းနွမ်းနေတဲ့ခြင်ထောင်စကို အသာအယာလှမ်းဆွဲနေကြ ပါပြီ။ ရိုးသားစွာပြောရရင် ဆက်အိပ်မရတော့တာမို့ အိပ်ရာမှ အတင်းထလိုက်ရတဲ့အနေအထားတစ်ခုကို ရောက်သွားရပါတယ်။ အဲဒီမှာ ချက်ချင်းဆိုသလို သိလိုက်ရတဲ့အသိက ဒီကနေ့ ပေါယဒေးပါလားဆိုတာပါပဲ။ ဒါဆို ဒီသံစဉ်ဟာ မြတ်ဗုဒ္ဓရဲ့ဓမ္မသံစဉ်ပဲပေါ့။ လေးလံထိုင်းမှိုင်းနေတဲ့ စိတ်အစဉ်နဲ့မျက်ဝန်းတစ်စုံကို သာယာတဲ့ ဓမ္မသံစဉ်ကိုနားဆင်ရင်း သန့်ရှင်းလန်းဆန်းအောင်လုပ်လိုက်ရပါတော့တယ်။

မြတ်ဗုဒ္ဓရဲ့တရားသံစဉ်တွေဟာ မနက် ၆ နာရီကနေစတင်လို့ သတ္တ၀ါတွေရဲ့ စိတ်နှလုံးကို ပီတိဖုံးစေခြင်း အကျိုးငှါ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပျံလွှားကျက်စားလို့နေပါပြီ။ ဓမ္မကထိကဆရာတော်က အသံနေ အသံထားလေးနဲ့ သာယာနာပျော်ဖွယ်ဖြစ်အောင် ဓမ္မရသကို သူရဲ့တပည့်သာဝက တကာ၊ တကာမများစွာတို့ကို မျှဝေနေတာဖြစ်ပါတယ်။ ကော်ဖီတစ်ခွက် ခပ်သွက်သွက်လေးဖျော်ရင်း ပြတင်းတံခါးဝဆီကနေရောင် ခြည်တွေကို အမှတ်တမဲ့ငေးမိနေတုန်းမှာပဲ သတိတစ်ချက်ထားမိလိုက်တာကတော့ နံနက်ခင်းတိုင်း စာရေးသူတို့အတွက် ပုံမှန်သီဆိုပေးနေတဲ့ ဥသြငှက်ရဲ့တေးသံသာလေးဟာ ဓမ္မကထိကဆရာတော်ရဲ့ အေးမြတဲ့ဓမ္မသံစဉ်အောက်မှာ လုံးဝကွယ်ပျောက်လို့ သွားရတော့တယ်ဆိုတာကိုပါပဲ။ ငါးပါးသီလနဲ့ရှစ်ပါးသီလ ဆောက်တည်ကြတာကို နားထဲမှာအတိုင်းသားကြားနာလို့ ကြည်နူးရပြန်ပါတယ်။ တပည့်တကာ၊ တကာမတွေ အန္တရာယ်ကင်းလို့ စိတ်ဝယ်ငြိမ်းစေဖို့ မြတ်ဗုဒ္ဓရဲ့ပရိတ်တရားများကိုလည်း ဓမ္မကထိကဆရာတော်က ချီးမြှင့်ပေးသနားနေပြန်ပါတယ်။

သောက်မိနေတဲ့ ကော်ဖီကသရီးအင်(န်)၀မ်းကော်ဖီမစ်ဆိုပါလား၊ မတူညီတဲ့အရာသုံးခုကို တူညီတဲ့သုခရသတွေတိုးပွားစေဖို့ တစ်ခုတည်းသောညီမျှခြင်းစကေးပေါ်တွင် တင်ထားခြင်းပါလားလို့ ဆင်ခြင်မိပြန်တယ်။ စနစ်တကျပေါင်းစပ်ခြင်းဖြင့် ချိန်ခွိန်လျှာညီနေတဲ့အရာတိုင်းဟာ ပေါင်းစပ်ခြင်းအလျဉ်း မရှိတဲ့ သို့မဟုတ် မညီမျှတဲ့အရာဝတ္ထုတွေထက် သာလွန်မှုကိုပေးစွမ်းနိုင်တယ်ဆိုတာက မှန်ကန်တဲ့နိယာမ တရားတစ်ခုပါ။ ဒါကြောင့် သမဂ္ဂါနံ တပေါ သုခေါ---ညီညီမျှမျှရှေးဆက်ကြရင် ကြီးပွား ချမ်းသာမယ်လို့ ဗုဒ္ဓစာပေမှာအဆိုရှိတာဖြစ်မယ်။ ကော်ဖီမစ်တောင်မှ သရီးအင်(န်)၀မ်းလို ပေါင်းဖက်ခြင်းရှိပါမှ ရသတွေပြည့်စုံတယ်ဆိုရင် အမြဲတမ်းအုန်းလီးဝမ်း (only one) ဖြစ်နေတဲ့ ကိုယ့်ဘ၀ကရသများမေ့နေမလားလို့ အားငယ်သလိုမျိုးခံစားမိနေခိုက်မှာပဲ ဓမ္မသံစဉ်တွေက အတွေးအာရုံတွေကို အနိုင်ယူသိမ်းပိုက်သွားပြန်တယ်။

သီဟိုဠ်ရဟန်းတွေ၊ လူတွေ ပါဠိရွတ်ဖတ်တဲ့အသံက မြန်မာတွေရွတ်ဆိုသံနဲ့ သိပ်အများကြီးမကွာလှ တာမို့ (စ သံ၊ ဆ သံ၊ သ သံတို့ ယေဘုယျအားဖြင့် ကွာခြားပါတယ်) မြန်မာကျောင်းသားတွေဟာ သူတို့ပါဠိတွေကို တော်တော်များများနားလည်ကြပြီး ဆွမ်းစား၊ ကွမ်းစားတို့မှာ ဒေသခံရဟန်းတွေနဲ့အတူတကွပဲ ရွတ်ဖတ်ကြပါတယ်။ ပရိတ်ရွတ်တာတို့၊ သီလပေးတာတို့က အကုန်နီးပါးတူပါတယ်။ သီလေပေးတဲ့အခါ မြန်မာပြည်မှာလို အဟံ ဘန္တေ-စသည်တို့၊ ယမဟံ ၀ဒါမိတို့၊ အာမဘန္တေတို့ကိုတော့ သီဟိုဠ်မှာ ရွတ်ဆိုခြင်း မရှိပါဘူး။ ရေစက်ချတဲ့အခါလည်း ပါဠိတစ်ပုဒ်၊နှစ်ပုဒ်ပဲရွတ်လိုက်တယ်။ တရားဟောတာကတော့ အလှုတစ်ခု ဆိုရင် သုံးလေးပါးတောင်ဟောကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာကျောင်းသားရဟန်းတော် များဟာ တစ်ချို့ဆင်ဟာလစကားတွေကို ရင်းနှီးနေကြပါတယ်။

ကျောင်းဝင်းတစ်ခုလုံးမှာ အဖြူရောင်ရိပ်လေးတွေ လွှမ်းခြုံနေတဲ့ ပေါယဒေးမြင်ကွင်းလေးက အေးမြတဲ့ သန္တရသတစ်မျိုးကိုမျှဝေခံစားစေပါတယ်။ ကျောင်းဝင်းထဲမှာ အရွယ်သုံးပါး တကာ၊ တကာမများဟာ အဖြူရောင်ဝတ်စုံလေးကိုယ်စီနဲ့ ဥပုသ်သီလယူခြင်း၊ တရားဘာဝနာစီးဖြန်းခြင်း၊ ဗောဓိပူဇာပြုလုပ်ခြင်း (ဗောဓိပင်မှာ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှုပူဇော်ခြင်း၊ တံမြက်စည်းလှည်းခြင်း)၊ ဆွမ်းလှုခြင်း စသည်စသည် တို့ကို စေတနာဖြူစင်သဒ္ဓါဝင်၍ လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။ တကာမတစ်ချို့ ရေအိုးလေးတွေ ကိုယ်စီကိုင်လျှက် ဗေဓိပင်ကိုစီတန်းလှည့်လည်နေကြတဲ့မြင်ကွင်းကတော့ မြင်ရသူရဲ့စိတ်နှလုံးကို ဖမ်းဆုပ် နိုင်စွမ်းရှိတာအမှန်ပါပဲ။ ဒီမြင်ကွင်းလေးတွေက ရွှေတိဂုံဘုရားပေါ်မှာ မြန်မာ တကာ၊ တကာမများ ဘုရား၊တရား လုပ်နေကြတဲ့ပုံရိပ်တွေကို ပြန်လည်သတိတရစေပြန်ပါတယ်။

သီဟိုဠ်နိုင်ငံသားအများစုဟာ ဗုဒ္ဓဘာသာဝင် စစ်စစ်လို့ဆိုရင် မှားမယ်မထင်မိပါဘူး။ သူတို့တတွေဟာ ကလေးဘ၀ကတည်းက ဗုဒ္ဓဓမ္မများကို တနင်္ဂနွေဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကျောင်း (Sunday School)မှာ စနစ်တကျအဆင့်ဆင့်လေ့လာ သင်ယူထားသူတွေဖြစ်ပါတယ်။ ကလေးတွေ၊ ကျောင်းသားတွေ အားလုံး အသက်အရွယ်အလိုက် အတန်းအလိုက် ဘုန်းကြီးကျောင်း--ဆန်းဒေးစကူးမှာ ဗုဒ္ဓဓမ္မတွေကို လာရောက်သင်ယူနေကြတဲ့မြင်ကွင်းများ၊ အလှုလုပ်တဲ့အခါ ဘုရားကျောင်းကန်သွားတဲ့အခါ အဖြူရောင် ၀တ်စုံလေးတွေကိုယ်စီနဲ့ ပါဝင်ဆောင်ရွက် ကုသိုလ်ပြုကြတဲ့မြင်ကွင်းများကတော့ တကယ့်ကို အတု ယူစရာကောင်းသလို၊ ချစ်စရာလည်း တကယ်ကိုကောင်းပါတယ်။ သူတို့ရဲ့ အသားအရောင်ညိုမည်းမည်း လေးတွေဟာ ဖြူဖြူစင်စင်ရိုးရိုးသားသားနှလုံးသားများက မွေးဖွားလာတဲ့သူတို့အပြုံးလှလှလေးတွေကြောင့် ထာဝရလှပသွားပါတယ်။ တွေ့လိုက်တိုင်း အမြဲတမ်းလိုလိုမျှဝေတတ်ကြတဲ့ အဲဒီလိုအပြုံးလှလှလေးတွေဟာ သီဟိုဠ်သူ၊သီဟိုဠ် သားတွေရဲ့ အဖိုးတန်ရတနာ တစ်ခုလည်းဖြစ်ပါတယ်။

‘‘ဟလို- ဟာမူးသရူး!! တူးဒေး ရိုက်စ် အင်(န်) ကာရီ ဒါနေး၊ ဒွေကိုက်၊ ဟာရီးနော်” --တဲ့။ ၁၁ နာရီအချိန်လောက်မှာ အဖြူရောင်ဝတ်စုံနဲ့ဥပုသ်သည်တကာမတစ်ယောက်က စာရေးသူကိုလာပြောနေတာပါ။ တကယ်တော့ စာရေးသူက နေ့ဆွမ်းချက်နေတာ၊ ခရမ်းချဉ်သီးနဲ့ငါးခြောက်ကို ငရုပ်သီးခပ်စပ်စပ်နဲ့ အပြတ်အသတ်ချက်ပြုတ်နေတဲ့အချိန်မှာမှ သူကအဲဒီလိုလာလျှောက်တာ။ သီဟိုဠ်မှာ ဆွမ်းချက်ကျွေးမည့် တကာ၊ တကာမတွေ ရန်ကုန်မှာလိုမျိုးမရှိဘူး၊ ဆွမ်းခံစားရတာလည်းမဟုတ်ဘူးဆိုတော့ မြန်မာကျောင်းသား တွေဟာ စားဖိုမှုးသင်တန်းကို ကိုယ်တိုင်တက်ခွင့်ကြုံနေရတဲ့ကာလတစ်ခုဖြစ်ပါတယ်။ အင်တာနေရှင်နယ် ကျောင်းသားဆိုတော့ ချက်ချင်းပဲပြန်ပြောလိုက်တာပေါ့--အာ--ကာမနက်၊ ဟာရီး၊ ဟာရီး၊ အစ်(ထ်) ၀ု (ဒ်) ဘီ ဘဲရီး ဘဲရီး ဟွန်သိုက်--။ ဒီလိုပြောရင်း ခေါင်းကိုလည်း ဘယ်၊ ညာ ယိမ်းပြရသေးတယ်။ ဘာလို့ဆို သီဟိုဠ်မှာ ဟုတ်ကဲ့၊ အိုကေစတဲ့သဘောတူညီချက်ကိုပြောတဲ့အခါ ခေါင်းကိုနည်းနည်းလေးခါပြရတယ်။ ဆင်ဟာလ ဘာသာစကားမှာ--ဟာမူးသရူးဆိုတာ ဘုန်းဘုန်း၊ ဒါနေးဆိုတာ (ဒါနိ၊ဒါန)အလှုလေ၊ ဒွေကိုက်က (ဒွေက၊ ဒွိက) နှစ်ခုပေါ့။ ဟာရီးနော်က အိုကေလားတဲ့။ ဒါဆို-- ဘုန်းဘုန်း ဒီနေ့ ဆွမ်းထမင်းနဲ့ဆွမ်းဟင်း ဘုန်းကြီးနှစ်ပါးစာ လာလှုပါမယ်၊ အိုတယ်တယ်မလား--လို့လာပြောတာဖြစ်ပါတယ်။ အဲဒီလိုပဲ ဘာသာပြန်ပြီးနားလည်လိုက် တာပေါ့။ ဒါကြောင့်--အာ ကိစ္စမရှိဘူး၊ ရပါတယ်၊ ဒါ အတော့ကို ဟန်ကျမှာပါပဲဗျာ လို့ (အပေါ်ကအတိုင်း) ပြန်ပြောလိုက်တာပါ။ ဆင်ဟာလစကားမှာ--ကာမနက်ဆိုရင် ကိစ္စမရှိဘူး၊ ဟာရီးဆိုတော့ အဆင်ပြေတယ်၊ ရပါတယ်၊ ဟွန်သိုက်က ကောင်းတယ်ပေါ့။ ဒါကြောင့် သူက ဆင်ဟာလနဲ့အဂ်လိပ်ကို ရောသမမွှေပြီးပြော လာတော့ စာရေးသူကလည်း အဲဒီအတိုင်းပဲပြန်ပြောလိုက်ရတာပေါ့။ ဒီဆက်သွယ်မှုကသိပ်ကိုမှန်ပြီးအကျိုးရှိ လှပါတယ်။ ဆယ်မိနစ်လောက်ကြာတဲ့အခါ ဘုန်းကြီးနှစ်ပါးစာ ထမင်းနဲ့ဟင်းရောက်လာပါတော့တယ်။

ဒီလိုနဲ့ပဲ သီဟိုဠ်ဆွမ်းဟင်းနဲ့ ကိုယ့်ရဲ့စပယ်ရှယ်ထမင်းပွဲကို ဆင်နွဲလိုက်ရပါတယ်။ သီဟိုဠ်မှာက ဆွမ်းကပ်တဲ့အခါတိုင်း ယေဘုယျအားဖြင့် ငါး၊ နုတ်နုတ်စဉ်းကာ သုပ်ထားတဲ့အသုပ်၊ (မြင်းခွာရွက်သုပ်ဖြစ်မယ် ထင်တယ်)၊ ပိန္နဲသီး၊ ပဲဟင်း၊ ငရုပ်သီး၊ ဂွေးသီးချက်နဲ့တခြားအမည်မသိတဲ့ဟင်းနှစ်ခု၊ သုံးခုလောက်ကို အမြဲလိုလိုတွေ့ရတယ်။ အလှုအိမ်မှာဆိုရင် အလှုရှင်တစ်ဦးချင်းစီကတန်းစီပြီး ဘုန်းကြီးတွေရဲ့ဆွမ်းပန်ကန် ပြားပေါ်မှာ ဆွမ်းဟင်းတွေကို လိုက်ထည့်ပေးပါတယ်။ ဆွမ်းဟင်းလောင်းထည့်တဲ့အခါ ဘုန်းကြီးက လက်ကာ မပြမချင်း ထမင်း၊ဟင်းကို ထပ်လောင်းပေးပါတယ်။ ဒါကြောင့် ကိုယ်ဘုန်းပေးမယ့် ဆွမ်းဟင်းပမာဏကို ကြည့်ကာ သူ့ရိုးရာအတိုင်းလိုက်လုပ်ရတယ်။ ဒီနေ့က ပေါယဒေးဆိုတော့ ဒီနေ့ဆွမ်းဟာ သက်သတ်လွပ်ပဲပေါ့။ သူတို့တွေက အသား၊ ငါးတွေကို သိပ်မစားကြပါဘူး။ ဒါကြောင့်မို့လို့လားမသိ သူတို့တွေက များသောအားဖြင့် ဒေါသနည်းကြပါတယ်။ သီဟိုဠ်ကျောင်းမှာအဆောင်ငှားနေတာဆိုတော့ သီဟိုဠ်ရောက်မှ စာရေးသူတို့လည်း သက်သတ်လွပ်ဂိုဏ်းဝင်နီးပါးဖြစ်နေပါပြီ။

စာရေးသူတို့ဆွမ်းစားပြီးလို့ ရေနွေးသောက်နေချိန်မှာ တကာ တစ်ယောက် ရောက်လာပြန်ပါတယ်။ သူက ဟာမူးသရူး--ဒွေကိုက်- တူဒေး-အီးဗနင်း-ဓမ္မဆာလာ-ဆစ်(က်စ်) အိုကလော့(ခ်)- ခမ်း(မ်)တဲ့။ ဘုန်းဘုန်း ဒီနေ့ညနေ ခြောက်နာရီမှာ တရားဟောခန်မဆောင်သို့ နှစ်ပါးလုံးကြွပါ- လို့လျှောက်တာပါပဲ။ (ဓမ္မဆာလာ--ပါဠိပုဒ် ဓမ္မသာလာ--တရားဟော ဇရပ်၊ ခန်းမ)။ စာရေးသူကလဲပြန်ပြော တာပေါ့---ဟာရီး ဒါယကာ၊ ဟာရီး၊ ဟာရီး။ ဆိုလိုတာက ရပါတယ်၊ တကာ၊ အိုကေ၊ အိုကေပေါ့။ သူနားလည်တယ်လေ။ ဟာရီး၊ ဟာမူးသရူးဆိုပြီးပြန်ထွက်သွားလေရဲ့။ ဒီလိုပဲပေါ့ တစ်ခါတစ်လေ Communications ဆက်သွယ်ရေးယန္တရားတွေမှာ Possibility ဖြစ်နိုင်ခြေအလားအလာနဲ့ Understanding နားလည်မှုရအောင်ကို ရှာယူရတယ်။ သီဟိုဠ်သားအများစုက အဂ်လိပ်စကားကို ကောင်းကောင်းပြောတတ်ပါ တယ်။ မပြောတတ်တဲ့လူတွေက အခုနကအတိုင်းဆက်သွယ်နိုင်စွမ်းရှိတာကို အံ့သြစွာတွေ့မြင်ကြရပါတယ်။ ဒါဟာ အရည်အချင်းတစ်မျိုးဖြစ်ပါတယ်။

သူတို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတွေလို့ဆိုနိုင်တယ်။ တခြားလူမျိုးတွေကို သိပ်အထင် မကြီးဘူး၊ သူတို့လူမျိုးနဲ့ တခြားနိုင်ငံခြားသားတို့အတူဆုံလာရင် သူ့လူမျိုးကိုပဲ အရင်ဦးစားပေးလုပ်ပေးတယ်။ ဒါဟာ လိုက်နာမှတ်သားဖို့အလွန်ကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဘာသာစကား ပြောတယ်ဆိုတာ ပြောဆိုသူနဲ့ နားထောင်သူတို့ နားလည်မှုရဖို့ကြိုးစားခြင်းပဲဖြစ်ပါတယ်။ ပြောဆိုဆက်ဆံတဲ့ အခါ Mutual understanding အပြန်အလှန်နားခြင်းရှိရင် လုပ်ငန်းအဆင်ပြေတာပါပဲ။ ပြည့်စုံခြင်း၊ ကျွမ်းကျင် ခြင်းရှိလျှင်ကား အကောင်းဆုံးပါ။

ညနေ ၆ နာရီထိုးပါပြီ။ ဓမ္မသံစဉ်တွေလည်း ငြိမ်ေးအးစွာပြီုးဆုံးသွားပါပြီ။ ဓမ္မကထိကဆရာတော်လည်း သူသီတင်းသုံးနေတဲ့ကျောင်းကိုပြန်ကြွသွားပါပြီ။ ညနေပိုင်းမှာ နောက်ထပ်သီလယူကာ ပရိတ်တရားနာယူဖို့ အတွက် တကာ၊ တကာမတွေ ဓမ္မသာလာမှာစုရုံနေကြပြန်ပါတယ်။ ပရိသတ်တွေစုံတဲ့အခါ တကာတွေက စာရေးသူတို့သူငယ်ချင်းနှစ်ပါးနဲ့ ကျောင်းထိုင်ဆရာတော်ကြီးကို လာပင့်ကြတယ်။ တကာ၊တကာမတွေ တရားနာယူဖို့ထိုင်တဲ့အခါမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်အနေအထားနဲ့အဆင်ပြေတဲ့ သက်တောင့်သက်သာရှိတဲ့ပုံစံ လေးတွေနဲ့ပဲ ထိုင်လေ့ရှိကြပါတယ်။ ပရိသတ်ထဲကတကာမတစ်ယောက်ထလာပြီး စကားလာပြောပြန်တယ်။ (Harmuu The Ruu, are u Upasampada? By the way, you are from Burma, aren’t you?) အရှင်းဘုရားတို့က ဦးဇင်းတွေပါနော်။ ဒါနဲ့ စကားမစပ် ဗမာပြည်က ဟုတ်တယ် မလားတဲ့။ (Yes, of course, we are.) ဟုတ်ပါတယ်ဗျာလို့ ပြန်ပြောလိုက်ရသေးတယ်။

ခဏအကြာမှာတော့ ဓမ္မပရိသတ်ဆီက နမောတဆ- ဘဂ၀တော- အရဟတော- ဆမ္မာဆမ္ဗုဒ္ဓဆ- (နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)လို့ သုံးကြိမ်တိုင်တိုင် သံစဉ်ညီညာရွတ်ဆိုကြတာကို ကြားမြင်နေရတယ်။ ဘုရားရှိခိုးတာပြီးပါပြီ။ ဒါပေမယ့် ကျောင်းထိုင်ဆရာတော်ကြီးဆီက ဓမ္မစကားတစ်ခွန်းမှ မိန့်မြွက်ခြင်းမရှိသေးပါဘူး။ ပရိသတ်တွေက ရှေးသို့လှမ်းကြည့်နေကြတယ်။ အားလုံးတိတ်ဆိတ်ငြိမ်သက် နေလွန်းလို့ ပရိသတ်တွေရဲ့အသက်ရှုသံတွေက တရားခန်းမကို လွှမ်းမိုးကာနေရာယူနေကြသလိုပါပဲ။ အဲဒီအချိန်မှာ ဆရာတော်ဘုရားကြီးက စကားသုံးလေးခွန်း စာရေးသူကို လှမ်းပြောလိုက်တယ်။ ပြီးတော့ ဆရာတော်က တစ်ခုခုကိုမျှော်လင့်နေသလို စာရေးသူကို စိုက်ကြည့်နေတယ်။ သူ့မျက်ဝန်းတွေကို ရုတ်ခြည်းဘာသာပြန်ကြည့်လိုက်တယ်၊ ဒါပေမယ့် တိကျတဲ့အဖြေမရလိုက်ဘူး။ အဓိကအချက်ကျမှ ဆရာတော် မိန့်ကြားတာကို တစ်လုံးတစ်ပါဒမှ စာရေးသူနားမလည်ဘူးဖြစ်နေတာ။ ဒါဟာလည်း ဒုက္ခသစ္စာတစ်မျိုးထင်ပါရဲ့။ စာရေးသူက ဆင်ဟာလဘာသာစကားကို သိပ်ပြီးတော့ရတာမဟုတ်ဘူး။ သီရိလက်ာမှာ အဂ်လိပ်ဘာသာ စကားတတ်ရင် ဆက်သွယ်ရတာ ဘာအခက်အခဲမှမရှိတာကြောင့် မြန်မာကျောင်းသားအများစုက သီဟိုဠ် ဘာသာစကားဖြစ်တဲ့ ဆင်ဟာလစကားကို ကျွမ်းကျင်မှုအဆင့်ထိ သိပ်ပြီးသင်ယူလေ့မ၇ှိကြပါဘူး။

ငြိမ်သက်နေတဲ့ပရိသတ်ကို လှမ်းကြည့်ပြီး အခြေအနေကိုအကဲခတ်လိုက်တယ်။ ဟုတ်ပါပြီ။ ဆရာတော်ကြီးပြောလိုက်တာက ဦးဇင်းလေး သီလခဏပေးလိုက်ပါတဲ့။ သေချာအောင်အနားမှာရှိတဲ့ တကာ တစ်ယောက်ကို လှမ်းမေးမိပြန်တယ်။ Do I have to give (preach) five precepts to you? တကာတို့ကို ဦးဇင်းက ငါးပါးသီလပေးရမှာလားလို့လေ။ အဲဒီတကာက သိပ်နားလည်ပုံမရ။ ဒါပေမယ့် ဒါဟာ သီလ ပေးခိုင်းတာပါလို့ အခြေအနေက သေချာစွာဘသာပြန်ပေးလိုက်ပြီးသားဖြစ်သွားတယ်။ အဲဒါနဲ့ ဗုဒ္ဓံ ဆရဏံ ဂစ်ချာမိ၊ ဓမ္မံ ဆရဏံ ဂစ်ချာမိ၊ ဆံဃံ ဆရဏံ ဂစ်ချာမိ၊ (=ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ) စသည်ဖြင့် သီဟိုဠ်ရဟန်းတွေသီလပေး ထုံးတမ်းစဉ်လာအတိုင်း မပီကလာပီကလာလေသံဖြင့် ငါးပါးသီလကို ပေးလိုက်ရပါတယ်။ နောက်ဆုံးသိက္ခာပုဒ်ကိုဆိုပေးပြီးတာနဲ့ ပရိသတ်က ဆာဓု၊ ဆာဓု၊ ဆာဓုလို့ သာဓုသုံးကြိမ်ခေါ်လိုက်ကြတယ်။

အဲဒီတော့မှ ရင်ထဲကဂီရိမုန်းတိုင်း ငြိမ်းအေးသွားလို့ ၀မ်းသာပီတိဖြစ်မိတယ်။ သူတို့က ဘုရားစာတော်တော်များကို အကုန်လုံးနီးပါးအလွတ်ရနေတာကြတာဆိုတော့ နားလည်တာပေါ့။ အိုကေရဲ့လား ဆရာတော်ဘုရားဆိုတဲ့ အကြည့်နဲ့ဆရာတော်ကိုလှမ်းကြည့်မယ်ကြံနေတုန်းမှာပဲ ဒီလို ၀ါမဆိုခင်ဥပုသ်နေ့မှာ ဗုဒ္ဓမြတ်စွာက တကာ၊ တကာမတွေကို ဆုပေးတဲ့ဂါထာများကို တပည့်တော်တို့အတွက် ရွတ်ပေးပါဆိုပြီး အဂ်လိပ်စကားကောင်းကောင်းပြောတတ်တဲ့ တကာမတစ်ယောက်လာလျှောက်ပြန်တယ်။ ပြဿနာက သူတို့နိုင်ငံမှာဘယ်ဂါထာရွတ်လဲမေးတော့ သူက တပည့်တော်လည်း မသိပါဘူးတဲ့။ အသိတစ်ချက် ခေါင်းထဲကိုဝင်လာတယ်၊ သီဟိုဠ်ရဟန်းတွေ အမြဲတမ်းရွတ်ဖတ်ပေးနေကြတဲ့ဂါထားများကို ရွတ်ပေးဖို့ပေါ့။ Okay, We’ll recite some verses of blessing for you. မဂ်လာအပေါင်းနဲ့ပြည့်စုံစေတဲ့ ဂါထာတစ်ချို့ ရွတ်ဖတ်ပေးပါမယ်လို့ ပြောလိုက်ရပြန်တယ်။ မဟုတ်ရင် အဆင်ပြေဖို့က မလွယ်တော့ဘူး။

ဒီလိုနဲ့ ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗ ဒေ၀တာ--သုံးဂါထာနဲ့ အဘိဝါဒနသီလိဿ၊ နိစ္စံ ၀ုဍ္ဎာပစာယိနော--စတဲ့ဂါထာတွေကို သူငယ်ချင်းနဲ့နှစ်ယောက်သား ပြိုင်တူရွတ်ဖတ်ပူဇော်ပေးလိုက်ကြတယ်။ Do you want me to recite Metta-Sutta? မေတ္တသုတ်ရွတ်ပေးရဦးမလားလို့ ထပ်မေးတော့၊ No, that’s fine; that’s all right, reverend, sir. Thank you so much. ရပါပြီ၊ အဆင်ပြေသွားပါပြီ ဘုရား။ ကျေးဇူးပါပဲလို့ အဆိုပါတကာမက ပြန်လျှောက်ပါတယ်။ ဒီလိုနဲ့ကျောင်းတိုက်ထဲက သီလပေး၊ ပရိတ်ရွတ်တဲ့ဓမ္မကထာပွဲလေးက အောင်မြင်ပြီးမြောက်သွားပါတယ်။ တကာ၊ တကာမများတစ်ယောက်ချင်းစီ ဘုန်းကြီးသုံးပါးလုံးကို လာရောက်ကန်တော့ကြတယ်။ သီဟိုဠ်မှာ ရှိခိုးကန်တော့တာက ကလေးတွေဆိုရင် ဘုန်းကြီးခြေထောက်ကို လက်လေးနဲ့အသာလေးထိပြီးမှ ကန်တော့တာပါ။ လူကြီးတွေလည်း အဲဒီလိုပဲ ကန်တော့ကြပါတယ်။ မြန်မာမှာလို ထိုင်ပြီးကန်တော့တာမျိုးတော့ မဟုတ်ပါဘူး။

ဒီအခြေအနေဟာ စာရေးသူတွက်တော့ ၀မ်းနည်း၊ ၀မ်းသာကာလတစ်ခုဖြစ်ခဲ့ရတာ တကယ်ပါ။ ကျောင်းထိုင်ဆရာတော်မှာ တပည့်ရဟန်းတစ်ပါးမှမရှိ။ A Level ကျောင်းသား ကိုရင်တစ်ပါးသာရှိတယ်။ ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေက ပြီးခဲ့တဲ့နှစ် ၂၀၁၀ ကာလကပင် ခန္ဓာကိုယ်ညာဖက်တစ်ခြမ်း လေဖြန်းထားတာကြောင့် ပုံမှန်အနေအထားပြန်မရောက်သေးဘူး။ ရုပ်ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသမျှ ရောဂါတွေ သိုမဟုတ် ဒုက္ခသစ္စာတွေနဲ့ကြုံတွေ့ကြဦးမှာပါ။ ခန္ဓာဝန်ဒုက္ခတွေကို သစ္စာဥာဏ်အလင်းနဲ့ ပယ်ခွာမှုမပြုနိုင်သေးသရွေ့ ဘ၀တစ်ကွေ့မှာ ဒုက္ခတွေလာရောက်လည်ပတ်နေကြဦးမှာပါ။ ကံကောင်းတာက စကားကောင်းကောင်း ပြောနိုင်တယ်။ ဆွမ်းစားကြွနိုင်တယ်၊ သီလပေးနိုင်သေးတယ်။ ဒါပေမယ့် စကားပြောခါနီး၊ တရားဟောခါနီးမှာ တစ်ခါတစ်လေ ဟောပြောမည့်စာရဲ့ (ဓမ္မစကားရဲ့) အစကိုရှာမရဘဲ ဖြစ်နေတတ်ပါတယ်။ ဆရာတော်ဘုရားဟာ အမှတ်မထင်အဲဒီလိုမေ့သွားတာဖြစ်လို့ ဆင်ဟာလစကားနဲ့ စာရေးသူကို သီလခဏပေးဖို့ ပြောတာဖြစ်ပါတယ်။ ဆရာတော်က အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ပေမယ့် သာမန်ကိစ္စတွေကို ပြောဆိုဆက်သွယ်လို့တော့ရပါတယ်။ ကျန်းမာရေးချို့ ယွင်းသွားပြီးနောက်ပိုင်းမှာ နဂိုသိထားတဲ့အင်္ဂလိပ်စကားအကုန်လုံးကို မေ့သွားတော့တာပါပဲ။ ဆရာတော်က စိတ်သဘောထားအလွန်ကောင်းမွန်တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်။

သီဟိုဠ်ရဟန်းတော်များဟာ မြန်မာ ကျောင်းသားများကို သူတို့ရဲ့ကျောင်းတိုက်တွေမှာ လက်ခံကာ နေရာထိုင်ခင်း၊ အစားအသောက်စသည်ဖြင့် ဖေးမကူညီပေးကြပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို အသိနဲ့ အကျင့်ညီညီမျှမျှချိတ်ဆက်ခြင်းဖြင့် ကူညီပေးကြတဲ့ သီဟိုဠ်ရဟန်းကောင်းများရဲ့စိတ်ဓာတ်ကိုရော၊ သဟဇာတ ဖြစ်အောင်နေရင်း ပညာကိုအပတ်တကုတ်ကြိုးစား အားထုတ်နေကြတဲ့ စာသင်သားညီတော်၊ နောင်တော်များရဲ့ စိတ်ဓာတ်နဲ့ဇွဲနပဲတို့ကိုပါ ဂုဏ်ယူလေးစားနေမိတာ ကတော့ အမှန်ပါပဲ။

နိဂုံးချုပ်အားဖြင့်ဆိုရရင် အဲဒီနေ့က ရုတ်တရက်ဆရာတော်ထားလိုက်တဲ့မျှော်လင့်ချက်ဟ ကျောင်းတကာ၊ တကာမတွေရော၊ စာရေးသူတို့ပါ မည်သူတစ်ဦးတစ်ယောက်ကမျှ မျှောင်လင့်မထားတဲ့ မျှော်လင့်ချက်တစ်ခုပါပဲ။ စာရေးသူအတွက်တော့ ဓမ္မရသနဲ့ဖြည့်ဆည်းပေးခွင့်ရလိုက်တဲ့အတွေ့အကြုံလေး တစ်ခုပါ။ တစ်ခါတစ်ရံမှာ မျှော်လ့င်ချက်တွေကြောင့် ဘ၀မှာလှလှပပရှင်သန်ကြရသလို တစ်ခါတစ်ရံကျပြန် တော့လည်း မျှော်လင့်ချက်တွေကြောင့်ပဲ ဘ၀မှာ ရုတ်ဆိုးအကျဉ်းတန်ကြရပါတယ်။ ဘ၀ရဲ့အကွေ့အကောက် တွေမှာ မမျှော်လင့်ချင်ဘဲမျှော်လင့်နေရတဲ့ အခြေအနေများကို ရင်ဆိုင်ဖြတ်သန်းရတဲ့ဒုက္ခတွေက အကျဉ်းတန် လွန်းပါတယ်။ ရင်ထဲမှာလှောင်ပိတ် မွမ်းကျပ်စေတဲ့အတွေးစတွေကို အမွေပြတ်စွန့်လွှတ်နေစဉ်မှာပဲ နောက်ထပ် အော်ငိုနေတဲ့ဆန္ဒတစ်ခုက စိတ်အစဉ်မှာနေရာယူလွှမ်းမိုးလို့- --ဒုက္ခတွေကြောင့် မမျှော်လင့်ချင်ဘဲ မျှော်လင့်နေရတဲ့အနေအထားမျိုးတွေကြုံလာတဲ့အခါ လူသားချင်းလက်တွဲရင်း ကျော်ဖြတ်ကာ လွတ်မြောက် နိုင်ကြပါစေလို့---။။

ဟိန်းထက် (ကျောက်ဖြူ)