ကြင်ဦးစ ဇနီးမောင်နှံနှစ်ဦး ညနေစာ ထမင်းစာပြီးတဲ့အခါ သာယာလပတဲ့ နွေရာသီညနေခင်းလေးတစ်ခုတွင် တောထဲကို အတူတကွလမ်းလျှောက် ထွက်လာကြတယ်။ သူတို့နှစ်ဦးဟာ ဟိုး အဝေးက ‘‘--ကွက်-ခ်-ကွက်-ခ်’’ ဆိုတဲ့ အသံတစ်ခုကို မကြားမီအချိန်တုန်းက နှစ်ယောက်သားအတူရှိနေခွင့်ရတဲ့ အလွန်ကြည်နူးစရာ အချိန် လေးကို ပိုင်ဆိုင်ထားကြတာပေါ့။
‘‘-နားထောင်ပါဦး--ဒါဟာ ကြက်ကလေး (ဒီအသံဟာ ကြက်ကလေး အသံ) ဖြစ်ရမယ်- ‘‘လို့ ဇနီးသည်က ပြောလိုက်တယ်။
‘‘-မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ဒါဟာ ဘဲလေးပဲ ဖြစ်ရမယ်-‘‘-လို့ ခင်ပွန်းသည်က ပြောပြန်တယ်။
‘‘-အာ မဟုတ်ပါဘူး၊ ဒါဟာ ကြက်ကလေးဆိုတာ တို့သေချာသိပါတယ်-‘‘လို့ ဇနီးသည်က ဆိုပြန်တယ်။
‘‘မဖြစ်နိုင်ပါဘူး၊ ကြက်တွေက -ကော့-ခ်-ဒေါဝ် လ်-ဒူးဝ်-လို့ပဲ အော်သွားတာ၊ ဘဲတွေက-ကွက်-ခ်-ကွက်-ခ်‘‘ ဆိုပြီးတော့ အော်သွားတာပါကွာ။ ဒါဟာ ဘဲတစ်ကောင်ပါ၊ အချစ်လေးရာဆိုပြီး‘‘ အမျိုးသားက ကျိန်းစပ်စပ်ဟန်လေးနဲ့ ပြောလိုက်တယ်။
‘‘-ကွက်-ခ်-ကွက်-ခ်-‘‘ ဆိုပြီး အသံက ထပ်ထွက်လာပြန်ရော။
‘‘-ဟော၊ တွေ့လား၊ ဒါဟာ ဘဲပဲပေါ့ကွာ-‘‘ လို့ သူက ဆိုလာပြန်တယ်။
‘‘မဟုတ်ပါဘူးဆိုနေ--မောင်ကလဲ၊ ဒါဟာ ကြက်ပါဆို၊ သူများက အကောင်းပြောနေတာနော်-‘‘လို့ အမျိုးသမီးက ဖနောင့်ဆောင့်ပြီးတော့ ပြောလာပြန်တယ်။
‘‘-နားထောင်စမ်းပါဦး မိန်းမရာ။ ဒါ--ဟာ-- တကယ့်ကို--ဘဲ---ကွ၊ --ဘဲ--။ မင်း- သိရဲ့လား-‘‘လို့ အမျိုးသားက ဒေါသတကြီး ပြောလိုက်တော့တယ်။
‘‘-ဒါပေမယ့် ဒါဟာ ကြက်ပဲကွာ-‘‘လို့ သူ့မိန်းမက ပြန်ကန့်ကွက်ပြန်တယ်။
‘‘ဟ-အဲဒါ ဘဲလေကွာ၊ ဘဲ၊ မင်း--မင်း----‘‘
ပြီးတော့-ကွက်--ခ်--ကွက်--ခ်-လို့အသံက ထပ်ထွက်လာတယ်၊ သူ မပြောသင့်တဲ့ဟာကို မပြောမိခင်မှာ---
မိန်းမဖြစ်သူက မျက်ရဲတွေဝဲပြီးတော့‘‘-ဒါပေမယ့်--အဲဒါ ကြက်ပဲကွာ-‘‘တဲ့။
ခင်ပွန်းသည်က မျက်ရည်တွေ တလိပ်လိပ်တက်လာနေတဲ့ သူ့မိန်းမရဲ့ မျက်ဝန်းလေးကို တွေ့သွားတယ်။
နောက်တော့ သူက သူ့မိန်းမကို ဘာလို့ သူလက်ထပ်ယူထားခဲ့လဲဆိုတဲ့အကြောင်းရင်းကို ပြန်သတိရသွား တာပေါ့။ သူမျက်နှာထားတွေ နူးညံ့ပျော့ပျောင်းသွားပြီး ငြင်သာစွာ ပြောလိုက်တယ်-‘‘-မောင် တောင်းပါတယ်၊ အချစ်လေးရယ်--ဆော်ရီးပါကွာ၊ အချစ်လေး မှန်တယ်လို့ပဲ မောင်ထင်ပါတယ်။ အဲဒါ ကြက်ကလေး တစ်ကောင်ပါပဲ ‘‘ ။
‘‘-ကျေးဇူးတင်ပါတယ်၊ ချစ်ရတဲ့ မောင်ရယ်-‘‘ လို့ သူ့မိန်းမက သူ့ရဲ့လက်လေးတွေကို ဖျစ်ညှစ်ရင်း ဆိုလာတယ်။
သူတို့နှစ်ယောက်သား ချစ်ချစ်ခင်ခင်နဲ့ လက်ဆက်လျှောက်သွားတဲ့အခါမှာတော့ ‘‘-ကွက်--ခ်-ကွက်-ခ်‘‘ဆိုတဲ့ အသံက တောအုပ်တစ်ခုလုံးကို ဖြတ်သန်းကာသွားပါလေရဲ့။
ဒီပုံပြင်လေးရဲ့ အဓိကအချက်ကတော့ ခင်ပွန်းသည် နောက်ဆုံးမှာ သဘောပေါက်သွားတာက --အဲဒါဟာ ကြက်ဖြစ်ဖြစ်၊ ဘဲဖြစ်ဖြစ်- ဘယ်သူဂရုစိုက်မှာလဲ--။ ပိုမိုအရေးကြီးတာက သူတို့နှစ်ဦးရဲ့ သဟဇာတဖြစ်ဖို့၊ နှစ်ဦးသား နွေရာသီညနေခင်းလေးမှာ ပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်နိုင်ဖို့ပါပဲ။
ဘာမှ အရေးမကြီးတဲ့ကိစ္စရပ်တွေကြောင့် ပြိုကွဲသွားတဲ့အိမ်ထောင်သည်ပေါင်း ဘယ်လောက်များနေပြီလဲ။ ကွာရှင်းပြတ်စဲသွားသူတွေ ဘယ်နှစ်ယောက်ကများ--ကြက် သို့မဟုတ် ဘဲ ကိစ္စကို ကိုးကားဖြေရှင်း ကြသလဲ။
ဒီပုံပြင်လေးကို ကျုပ်တို့သဘောပေါက်တယ်ဆိုရင် ကျုပ်တို့ရဲ့ ဦးစားပေးရမည့်ကိစ္စတွေကို ကျူပ်တို့ သတိရ ကြမှာပါ။ အိမ်ထောင်ရေးဟာ အဲဒီကြက်ကလေးလား ဘဲကလေးလားဆိုတာနဲ့ပတ်သက်လို့ မှန်ကန်မှုထက် ပိုမိုအရေးကြီးလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ မှန်တယ်၊ နောက်မှ ကျူပ်တို့မှားသွားတယ်ဆိုတာ သိရှိလိုက်ရတာတွေကို ကျူပ်တို့ ဘယ်နှစ်ကြိမ်လောက်များ လုံးဝ၊ သေသေချာချာ၊ အခိုင်အမာ ယုံကြည်ဖူး ကြပြီလဲ။ ဘယ်သူ သိနိုင်မလဲနော်။ ဒါဟာ မျိုးဗီဇအလိုက် အထူးပြု(မွမ်းမံ)ခံထားရတဲ့ ဘဲသံပေါက်တဲ့ ကြက်ကလေးတစ်ကောင်းပဲဖြစ်မှာပေါ့ !
မူရင်း--The Chicken and the Duck told by Ajahn Chah of Thailand, written by Ajahn Brahm
0 comments:
Post a Comment