လူသားဟာ လူပီသရတယ်တဲ့ ဖတ်ဖူး၊ မှတ်ဖူးတာ၊
ငါဟာ လူသား ငါတကယ်လူပီသပါရဲ့လား၊
င့ါအတွေးက ငါ့သစ္စာတရားအတွက် မျက်နှာလွဲချင်နေသလိုလို၊
ခေါက်ရိုးကျိုးနေတဲ့အတွေး စာသားများက၊
ငါ့ကို ရှေးဆက်ဖို့အားပေးရင်း ပြန်လည်ခြောက်လှန့်နေကြပြီလား။
လူဆိုတာ ခံစားနားလည်တတ်ရတယ်တဲ့ ယုံကြည်လို့ နားလည်ခဲ့ဖူးတာ၊
ငါဟာ လူသား ငါ့ယုံကြည်မှုတွေ ခံစားမှုအဖြစ် အသွင်ပြောင်းနေကြပြီလား၊
ယုံကြည်ခံစားမှု လှိုဏ်ဂူထဲမှာ ဘ၀ရဲ့တန်းဖိုးတရားတွေ ပိတ်မိနေသလိုလို၊
ယထာဘူတ မှန်ကန်မှုဟူသမျှ ချပြရဲတဲ့သတ္တိ ဆိတ်သုဉ်းလို့ ပျောက်ကွယ်သွားပြီလား၊
ရှေ့ဆက်တွေးဖို့ အင်အားတွေက အမှား-အမှန်သံသရာထဲမှာ ဒူးထောက်နေကြပြီ။
မာန်ဟုန်ကိုတင်း ယုံကြည်မှုတက်ကျမ်းတွေကို ကိုးကွယ်ရင်း ရှေးသို့ချီတက်ဆဲ၊
မှီတွယ်ရာမဲ့ ဇွဲလုံ့လ တစ်ခါတလေ ငါ့အတွက် အနိစ္စမမြဲဘူးလို့ ဆိုရတော့မလိုလို၊
ငါဟာ လူသား ငါဟာ ဖန်သားပြင်တစ်ခုလို တစ်ခါတလေ ကြေကွဲလို့ ကျိုးပဲ့ကာ ကွဲရှတတ်တယ်၊
ယုံကြည်မျှော်လင့်ချက်လား၊ အားပေးလို့ဖေးမမှုလား-- လူသားတွေ ဘ၀မှာ လိုအပ်တယ်ဆိုတာ၊
ချိုမြိန်မှုဘ၀ရသ ခံစားနားလည်ခွင့်မရပေမယ့် နားလည်တတ်ဖို့ ငါသင်ယူလိုက်နာနေမိတယ်။
လူသားဆိုတာ ဘ၀မှာ မျှဝေခံစားလို့ ခဏတာမှီခိုခွင့်ဖြစ်ဖြစ်လိုအပ်တယ်တဲ့ ဖတ်မိလို့ သိခွင့်ရခဲ့တာ၊
ဥပေက္ခာသင်ခန်းစာနဲ့ ချိန်ခွင်လျှာမဲ့တဲ့ ဘ၀ရဲ့နားခိုရာ ငါရှာဖွေဖို့ မတောင့်တချင်ပါဘူး၊
ငိုမဲ့မဲ့ သည်မျက်ဝန်း ကန္တာရလွင်ပြင်လမ်းများလို၊
တင်ထားတဲ့စိတ်ဓာတ်အင်းအားတွေ ပျော်ဝင်တော့မည့်ရေခဲချောင်းတစ်ခုလို၊
လမ်းတစ်ဝက်မှာ င့ါပန်းတိုင်က အိမ်မက်ဆိုးလို ခြောက်လှန့်လို့ လက်ပြနှုတ်ဆက်နေပြီလား။
လူ့ဘ၀ဟာ ချိုမြိန်ဒုက္ခတွေကြောင့် ရသတွေစုံတယ်၊ လူ့ဘ၀ဟာ ရခဲလှတယ်၊
ဘ၀နိဂုံးမှာ လိုအပ်နေတာက စိန်ပုလဲမေတ္တာနဲ့ ဒေါ်လာမွှမ်းထုံထားတဲ့ ဘွဲ့ထူး ဂုဏ်ဒြပ်တွေ မဟုတ်ဘူး၊
ရိုးသားတဲ့မေတ္တာတွေ၊ မှီခိုရာပခုံးတွေ၊ ရိုးစင်းတဲ့အပြုံးတွေ၊ နားလည်လို့မျှဝေမှုတွေ---တွေ----တွေ၊
ငါဟာ လူသား ငါရေးချအန်ထုတ်မိတာ ငါ့ဘ၀ရဲ့ ခါးသက်သက်ရသတွေများလား၊
ယစ်မူးမူးဝိုးတ၀ါး ယုံကြည်မှုတစ္ဆေများခြောက်လှန့်လို့ ရှင်သန်ခွင့် ခဏတာ သည်လူ့ဘ၀အိပ်မက်တွေ
ထာဝရ ဆေးခါးတစ်ခွက်ဖြစ်မှာ ငါစိုးနေမိတယ်--။ ။
3 comments:
Hello! You have an interesting website. It is nice to visit here.
နောက်ထပ် အခါးတွေကို ရင်ဆိုင်နိုင်အောင် ကော်ဖီခါးခါးတွေနဲ့ မိတ်ဖွဲ့ထားဖို့ အကြုံပြုချင်တယ်
Bitter experiences or moments have turned into so-called sweet smile with little weep in my heart every time. :D :D :D
Post a Comment