Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Sunday, June 30, 2013

ကျုပ်မာနကြီးနေသည် သို့သော်


ကျုပ်မာနကြီးသည်၊ လူသားသည် ဘ၀မှာ ဘယ်သောအခါမှ ဘယ်ကိစ္စအတွက်ကိုသော်မှ  မာနမကြီးသင့်ဘူးလားဟုဆိုလျှင် မည်သို့ အဖြေထုတ်သင့်သနည်း။

မာနဟူသည် နေရာတိုင်းတွင် ဆုပ်ကိုင်ထားသင့်သော အရာမဟုတ်ချေ။ အကြောင်းမှာ မာနဟူသည် ရလဒ်ကောင်းကို မပေးနိုင်သောကြောင့်ဟု မှတ်ရာ၏။

သို့သော် မိမိကိုယ်ကျင့်သီလ၊ စာရိတ္တမဏ္ဍိုင်များ အတွက်၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံအတွက်တော့ ထိုက်သင့်သော မာန၇ှိရမည်ဟုလည်း ယူဆကြပြန်သည်။
သူတော်စင်အဆင့်မေ၇ာက်သေးသော လူသားအကြမ်းထည်တစ်ခုသည် မာနနှင့်ကင်း၍ ရပ်တည်နိုင်မှု အမှန်တကယ်ကော ရှိပါ့မလားဟု တွေးတောဖွယ်လည်းဖြစ်၏။ အဖြေမှာ မရနိုင် ၊ မဖြစ်နိုင်ဟု ဆိုရမည်။

မိမိအရည်အချင်းနှင့် မထိုက်တန်သော အခွင့်အေ၇းအတွက် ကိုယ့်ကျင့်စာရိတ္တ မာနချတာ..မာနမ၇ှိတာ မဖြစ်သင့်ပေ။ ကိုယ်ကျိုးအတွက် အများကို ခုတုံးလုပ်ဖို့ ကိုယ့်မှာ မာနမ၇ှိသည့်အသွင် ဟန်ဆောင် ကောက်ကျစ်ခြင်းကား မကောင်းလှ၊ မသင့်တော်ချေ။

မဟုတ်တာ မကြံဖို့၊ မပြောဖို့၊ မလုပ်ဖို့၊ ဟုတ်မှန်တာပြောဆို ၇ပ်တည်ဖို့ မာနသတ္တိမွေးရမည်။ မာနကို တန်ဖိုးဖြင့် သုံးသပ်စေ့ငုမိသည့်သဘောကိုဆိုလိုသည်။
ကျွန်စိတ်ပေါက်သော အခါ ကိုယ်ကျင့်မာနများပျောက်ကွယ်သွားသည်။ သခင်စိတ်ပေါက်ကာ သခင်မာနထားသင့်သည်။ သို့သော် အ၇ပ်ထဲက နားလည်သည့် တစ်လောကလုံး လူမထင်တဲ့ မာနမျိုးတော့ လုံးဝ မထားသင့်ပေ။

သို့ဆိုလျှင် မာနကို မည်သို့နားလည်နိုင်မည်နည်။ မာနမှာဖွင့်ဆိုချက် များစွာရှိပါသလား။ မာနကို သ၇ုပ်ကွဲဖို့တော့လိုမည်။ အရာရာသည် ဖွင့်ဆိုချက်အရ သရုပ်သကန်များလည်း ကွဲပြားသွားပြီလော့ဟုလည်း စဉ်းစားဖွယ်။ မည်သို့ဆိုစေ...

မာနသည်
၁။ နှစ်သက်မြတ်နိုးတွယ်တာခြင်း၊
၂။ ချိန်ခြင်း၊တိုင်းတာတတ်ခြင်း၊
၃။ သာလွန်ထက်မြက်သည်ဟုထင်မှတ်ယူဆတတ်သည့်သဘော၇ှိခြင်း အားဖြင့် မာနသဘောကို သုံးမျိုး နားလည်နိုင်သည်။

အဘိဓမ္မာအရ သူက သုံးမျိုးကွဲပြားသည်။
၁။ ဟီနမာန = ပစ္စည်း၊ ဥစ္စာ၊ ပညာ၊ ရာထူးစသည်အားဖြင့် သူများထက်နိမ့်ကျတော့ကော ဘာဖြစ်လဲ၊ ကိုယ့်ထမင်းကိုယ်စားတာ၊ သူများ ဘာဂရုစိုက်၇မှလဲဟု မှတ်ထင်ယူဆခြင်းမျိုး။ (သိမ်ငယ်စိတ်ဖြင့် ပြန်ပက်ခြင်း)

၂။ သဒိသမာန =  ပစ္စည်း၊ ဥစ္စာ၊ ပညာ၊ ရာထူးစသည်အားဖြင့် သူနဲ့ကိုယ်နဲ့ အတူတူပဲ။ ဘာကွာလို့ ဂ၇ုစိုက်ရမှာတုန်းစသည်အားဖြင့် ဂုဏ်ပြိုင်ယူဆခြင်းမျိုး။ (ပြိုင်ဆိုင်မှုဖြင့် ချိန်ထိုး ဂုဏ်ယူခြင်း)

၃။ သေယျမာန =  ပစ္စည်း၊ ဥစ္စာ၊ ပညာ၊ ရာထူးစသည်အားဖြင့် သူများထက် အကုန်သာတယ်၊ မြင့်တယ်၊မြတ်တယ်လို့ ထင်မြင်ယူဆခြင်းမျိုး။ (ဘ၀င်လေဟပ်ခြင်း) (ဘ၀င်မြင့်ခြင်း)

စိတ်ပညာသဘောအရ
Inferiority Complex ခေါ် ဟီနမာနသည် သိမ်ငယ်စိတ်တစ်မျိုးပင်၊ သူသည် သိမ်ငယ်စိတ်ကိုဖြစ်ပေါ်စေတတ်သဖြင့် မကောင်းပေ။ ဘ၀တက်လမ်းများ ပိတ်သည်။ ယုတ်ညံ့သည်။

Comparison Complex ခေါ် သဒိသမနာသည် နှိုင်းယှဉ်မှု၊ ပြိုင်ဆိုင်မှုသဘောများကို ဖြစ်စေသဖြင့် အပြုသဘောမဆန်လှချေ။ ဆိုကျိုးဖြစ်စေသည်။ ထိုနှိုင်းယှဉ်မှုကြောင့် သိမ်ငယ်စိတ်သာမဟုတ် ဘ၀င်မြင့်စိတ်ကိုလည်း ဖြစ်ပေါ်စေတတ်သည်။

Superiority Complex ခေါ် သေယျမာနသည် ဘ၀င်မြင့်စိတ်ကို မွေးဖွားပေးတတ်သည်။ သူများကို အထင်သေးတတ်သည်။

ထိုတ၇ားများသည် လောဘကို အခြေတည်၍ မွေးဖွားရှင်သန်နေကြသည်ဟု နားလည်နိုင်သည်။

သည်တ၇ားများ မဖြစ်အောင် နေလိုလျှင် ယောနိသောမနသိကာရခေါ် ကြိုးကြောင်းဆီလျှော်အောင် မှန်မှန်ကန်ကန် အခါအားလျှော်စွာ နှလုံးသွင်းခြင်း၊ စိတ်ထားခြင်းဖြင့် နေသင့်သည်။ နေမှသာ အကုသိုလ်ကင်းမည်။
ဤမာနတရားများသည် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးများကို နှလုံးသွင်းလွဲမှားစွာ အတ္တ ပေတံဖြင့်တိုင်းသဖြင့် မကောင်းလှချေ။ သရုပ်ပျက်လှသည်။

ကုသိုလ်မာနဟု မ၇ှိသော်လည်း ကိုယ့်ကျင့်စာရိတ္တကို ချမနင်းမိဖို့ ၊ တန်ဖိုးထားဖို့ ကိုယ်ပိုင်ဟန်မာနလိုအပ်သည်ဟုဆိုလျှင် အငြင်းပွားဖွယ်ဖြစ်မည်လော့၊
ဇာတိ၊ ပုည၊ ဂုဏ်မနာဟူဆိုကြသည်မဟုတ်လော့။

 ကျုပ်တော့ ကျုပ်ကိုယ်ကျင့်သိက္ခာ အရောင်းဆိုး မစွန်းထင်းဖို့ မာနရှိနေမည်။ အလကားရ အလကားယူ၊ အလကားလူ မဖြစ်အောင် မာနထားရမည်။ သို့သော် မလိုလားအပ်သော အထက်ဖော်ပြပါ အကိုသိုလ်မာနသုံးမျိုးတော့ မရှိအောင် ကြိုးစားနေမည်။ ကိုယ့်ကျင့်တရားမဏ္ဍိုင်ကို ခိုင်အောင်လုပ်တာ မာနမဟုတ်ဘူး၊ သီလဟုလည်း ဆိုရာ၏။ သီလမကျိုးအောင် သတိဖြင့်လည်း ထိန်းရာ၏။ သမာဓိ၊ ပညာဖြင့်လည်း အနားကွပ်၍ သန့်ရှင်စွာ အလှဆင်ရာ၏။
 မည်သို့ဆိုစေ လောကစကား လောကဝေါဟာရအရ ကျုပ်မကြာခဏ မာနကြီးနေမိသည်။ ။ ကျုပ်ရဲ့ ပေါ့ပေါ့ပျက်ပျက် မာနသရုပ်သကန်ကို ခဏကွာရှင်းလျှက်၊ မာနကို ခဏလေးဖြစ်ဖြစ်ခ၀ါချ၍ နေနိုင်အောင် ကြိုးစားချင်မိသည်။  ။

Monday, June 24, 2013

အသိ အကျင့် ထာဝစဉ်ညှိ

သိမှတ်ဖွယ်ရာ သုတကောက်ချက်များကို အကျဉ်းအားဖြင့် ချပြမျှဝေလိုက်ခြင်းဖြစ်သည်။
အမှန်သိ၊ အမှန်ကျင့်ပါ။ မသိရင် သိအောင်လုပ်ပါ၊ ပြုပြင်ခြင်း၊ ညီညွှတ်ခြင်းသည် အားလုံးအတွက် ကောင်း၏။

မြတ်စွာဘုရားရှင်၏ အဆုံးအမသာသနာတော်ကို လိုက်နာကျင့်သုံး နေထိုင်ကြသော တပည့်သာဝကများတွင် အချုပ်အားဖြင့်

၁။ လူသာမန်များ၊ (အမျိုးသား၊ အမျိုးသမီး)
၂။ ရဟန်းတော်များနှင့် ရှင်သာမဏေများ ဟူ၍ နှစ်မျိုးရှိကြောင်း နားလည်နိုင်သည်။

((မှတ်ချက်။ ။ ရဟန်း သံဃာဟုဆိုရာတွင် ရဟန်းတစ်ပါးတည်းကို သံဃာဟု မခေါ်ပါ၊ သံဃာဟူသည်မှာ ရဟန်းတော်များအစုအပေါင်း - - - လေးပါး၊ ငါးပါးမှသည် ရာ၊ ထောင်၊ သိန်းချီသော ရဟန်းတော်များ အစုအပေါင်းကိုသာ ခေါ်ဆိုခြင်းဖြစ်သည်။ သံဃာဟူသည် အစုအပေါင်း၊ ရဟန်းတော်များ၏ မြင့်မြတ်သော ဂုဏ်ဒြပ်ကို ခေါ်ဆိုသည်။
ပုဂိုလ်နှင့်သံဃာမကွဲဘဲ သရုပ်အမှန်မသိဘဲ သံဃာ့ထုကိုဝေဖန် စော်ကားလျှင် ယခုရော နောင်အတွက်ပါ ရလဒ်မကောင်းချေ။))

မြတ်စွာဘုရားအဆုံးအမနှင့်အညီ (ဘုရားဟော ၀ိနည်းစည်းကမ်းချက်များနှင့်အညီ) ပြုမူနေထိုင်သူကိုသာလျှင် ဗုဒ်ဓဘာသာဝင်စစ်စစ်ဟုခေါ်ဆိုသည်။
ထိုသို့ မနေ၊ ၀ိနည်းစည်းကမ်းနှင့်မညီလျှင် ဘုရားတပည့်သာဝကအမည်ခံရုံသာရှိသည်။
သူတော်ကောင်း ပညာရှိတို့က လက်ခံသော တပည့်သာဝကမဟုတ်ချေ။

ဝိနည်းစည်းကမ်းဟုဆိုရာတွင်....
လူသာမန်များသည် ချမှတ်ထားသော လူ့ဝိနည်းစည်းကမ်းနှင့်အညီနေထိုင်နိုင်ရမည်။
လူ့ဝိနည်း လူ့စည်းကမ်းနှင့်အညီမနေနိုင်သူသည် လူတော်မဟုတ်သလို လူကောင်းလည်း မဖြစ်နိုင်၊
ဘုရားတပည့်သာဝကဟုခေါ်တွင်ရန်ကား အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။

(လူ့ဝိနည်း လူ့စည်းကမ်းဟူသည် အကျဉ်းအားဖြင့် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ (ဆယ်ပါးသီလလည်း စောင့်ထိန်းနိုင်သည်)၊ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ ဒါယကာကျင့်ဝတ်စသည့် ကျင့်ဝတ်သီလတော်များ (သိင်္ဂါလောဝါဒသုတ်တော်လာ ကျင့်ဝတ်များ)၊ မင်္ဂလသုတ်တော်လာ မင်္ဂလာစည်းကမ်းချက်များပင်ဖြစ်သည်၊ ပါဝင်သည်ဟု နားလည်ထားရမည်။
ထိုစည်းကမ်းချက်များနှင့် အညီ အနည်းဆုံးနေထိုင်နိုင်သူဖြစ်ပါမှ မြတ်စွာဘုရားတပည့်သာဝက စစ်စစ်ဟုဆိုနိုင်ပါလိမ့်မည်။

ထို့အပြင် အဆင့်မြင့် ဗုဒ်ဓဘာသာဝင်ဖြစ်ရန်ကား
ဒါန၊ သီလ၊ ၀ိပဿနာ ဘာဝနာအလုပ်များကိုလည်း အရှိအတိုင်း အသိအတိုင်း နည်းမှန်လမ်းမှန်အတိုင်း အမြဲတမ်းကျင့်ကြံအားထုတ်နေသူလည်း ဖြစ်ရမည်။

ထို့ထက် အချုပ်ဆိုရလျှင် ငါးပါးသီလ အမြဲ (လုံးဝ) လုံခြုံနိုင်ရမည်။ ဒါန၊ သီလ၊ ဘာဝနာများကို အမှန်တကယ် အမြဲအားထုတ်နိုင်သူဖြစ်ရမည်။

ရဟန်းတော်များ၊ ရှင်သာမဏေများသည်လည်း ရဟန်းကျင့်ဝတ်၊ သာမဏေကျင့်ဝတ်နှင့်အညီနေထိုင်မှသာ ရဟန်းစစ်၊ သာမဏေစစ်ဟုနားလည်နိုင်သည်။
ရဟန်းကျင့်ဝတ်သည် အကျဉ်းအားဖြင့် 227 ပါးရှိသည်။
ထို့တွင် ပါရာဇိကလေးပါးနှင့် သံဃာဒိသေသ် 13 ပါးဟူ၍ပါရှိသည်။ ၄င်းတို့သည် အဓိက စည်းကမ်းချက်များဟု ယေဘုယျနားလည်နိုင်သည်။
ထို့တွင်လည်း ပါရာဇိကလေးပါးကို လုံဝ လုံခြုံအောင် စောင့်ထိန်းနိုင်လျှင် ထိုရဟန်းကို ရဟန်းစစ်ဟု သတ်မှတ်သည်။ (ဘုရားဟောကျမ်းစာတွင် သတ်မှတ်သည်)

ပါရာဇိကလေးပါးဟူသည်မှာ..
၁။ မေထုန်ကိစ္စ လုံးဝ မကျုးလွန်ရ (မေထုန်မမှီဝဲရ)။
၂။ ပိုင်ရှင်မပေးသော သူတစ်ပါးပစ္စည်းဥစ္စာကို လုံးဝ မခိုးရ။ မယူရ။
၃။ လူသတ္တ၀ါ၏ အသက်ကို လုံးဝ မသတ်ရ။
၎။ ဈာန်၊ မဂ်၊ ဖိုလ်တရားများကို အမှန်တကယ်မရရှိ၊ မသိမြင်ပါဘဲလျှက် သိမြင်သည်၊ ရရှိသည်ဟု လိမ်ညာ၍ လုံးဝ မပြောဆိုရ၊
ဤ စည်းကမ်း လေးပါးမှ တစ်ပါးပါးကို ကျူးလွန်လျှင် ရဟန်းတော်အဖြစ်မှ ဆုံးရှုံးသည်။ ထိုသူသည် ကျူးလွန်ဆဲ ခဏတွင်ပင် ရဟန်းမဟုတ်တော့ချေ။ လူသာမန်အဆင့်သို့ ရောက်သွားသည်။

(အခြားသော ၀ိနည်းစည်းကမ်းများကို ကျူးလွန်မိရုံမျှဖြင့် ရဟန်းမဟုတ်ဟု စွပ်စွဲလျှင် မမှန်ကန်ချေ၊ စွပ်စွဲသူတွင် အပြစ်များလှသည်)၊ ရဟန်းကျင့်ဝတ်တစ်ပါးတတ်က လူ၊ နတ် ဦးခိုက် ပူဇော်ထိုက်၏။ ထို့ပြင် ရဟန်းကျင့်ဝတ် တစ်ပါးချွတ်က လူ၊ နတ်မကိုဋ် ကဲ့ရဲ့ထိုက်၏ဟုလည်း သိမှတ်ရာ၏။ သို့ရာတွင် အဖြစ်နှင့်အပျက်၊ အကောင်းနှင့်အဆိုးကိုသင်ကိုယ်တိုင် စိစစ်ရွေးချယ်နိုင်သည်။
သရုပ်ကွဲ၇န် အထူးလိုအပ်သည်။ ဘုရားသာသနာမှာ ရှင်၊ ရဟန်းအသွင်ကို ရှင်၊ ရဟန်းများကသာ ပေးစွမ်းနိုင်သည်။ ဤသွင်ပြင်သည်ပင် သူတော်စိတ်နှလုံးကို ဖွံ့ဖြိုးစေနိုင်သည်။ ကုသိုလ်ကိုဖြစ်စေနိုင်သည်။ နှလုံးသွင်း ရှုမြင်မှု သရုပ်သကန်မှန်ကန်ရန် အလွန်အရေးကြီးလှသည်။

ထိုပါရာဇိကလေးပါးကို လွန်ကျူးမှု အထ မြောက်သည် မမြောက်သည်ကို ကျူးလွန်သူကာယကံရှင်ကိုယ်တိုင် ၀န်ခံခြင်း၊
အဆိုပါ ၀န်ခံချက်ကို စာပေပိဋကတ် အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သော သံဃာတော်များအဖွဲ့ကသာလျှင် ဘုရားဟော ၀ိနည်းစည်းကမ်းချက်များနှင့် (ပါဠိတော်၊ အဋ္ဌကထားစသည်များ) သေသေချာချာ ညှိနှိုင်းဆောင်ရွက်ပြီးပါမှ ၀ိနည်းစည်းကမ်းချိုးဖောက်သည့်ရဟန်း ပါရာဇိကကျ ..မကျ (ရဟန်း--ဟုတ်၊ မဟုတ်)ကို သံဃာကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ လူသာမန်များက စွပ်စွဲဆုံးဖြတ်ခွင့်မရှိချေ။ (ဘုရားဟော ၀ိနည်းစည်းကမ်းတွင် ထိုသို့ပါရှိသည်)

ရှင်သာမဏေများတွင်လည်း ၀ိနည်းစည်းကမ်းများစွာရှိသည်၊ အချုပ်အားဖြင့် လိင် (၁၀) ပါး၊ ဒဏ် (၁၀)ပါးကို စောင့်ထိန်းရမည်။ လိင် (၁၀)ပါးကို လုံခြုံအောင် စောင့်နိုင်လျှင် ရှင်သာမဏေမည်ပါသည်။

မည်သို့ပင်ဖြစ်စေ... သမဏ ရဟန်းအသွင်ကို ဆောင်နိုင်ခြင်းသည်ပင် ကြည်ညိုစရာ၊ သူသည် ဘုရားသာသနာအသွင်ကို ဖော်ဆောင်သူဖြစ်သည်၊ တန်ဖိုးသိသူအတွက် တန်ဖိုးကြီးလှသည်။ လူသာမန်တို့ မလုပ်နိုင်သော ဘ၀လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အပေါ်ယံအားဖြင့် ရှင်၊ ရဟန်းလုပ်တာ လွယ်သည်ဟုထင်မြင်ယူဆသူတိုင်း မိမိကိုယ်တိုင် ရှင်၊ ရဟန်းဘ၀တွင် ရက်၊ လ၊ နှစ်ပေါင်းမည်မျှ ကြာရှည်အောင် နေနိုင်ခဲ့ပါသနည်း၊ မှန်ကန်စွာ နေနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်နေမှု မည်မျှထိ သေချာနေပါသနည်းဟူသည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ဗုဒ်ဓဘာသာဝင်ယောက်ျားလေးတိုင်း တစ်ကြိမ်တစ်ခါတော့ အနည်းဆုံး ရှင်၊ ရဟန်းပြုဖူးကြသည်၊ သို့သော် ရှင်၊ ရဟန်းဘ၀တွင် ရက်၊ လ၊ နှစ်များ ကြာရှည်စွာနေထိုင်နိုင်မှုများ၊ ပရိယတ္တိစာပေယူ၊ ဟောပြခြင်း၊ ပဋိပတ်အားထုတ်ခြင်းများကို ကြာရှည်စွာ ပြုလုပ်နေထိုင်သူကား အလွန်နည်းပါး၏။ အဘယ်ကြောင့်နည်း၊ တွေးတောဖွယ်ကောင်း၏။

စာရိတ္တသတ္တိကို ထိန်းရန်ကား အလွန်ခက်သည်ကို နားလည်ထားသင့်သည်။ စိတ်ကို ထိန်းချုပ်ရန် လေ့လာသင်ယူခြင်း၊ စိတ်ကိုထိန်းချုပ်ခြင်း၊ သာမန်လူ့ဘ၀ရလဒ်များ၊ လွပ်လပ်မှုများကို ကျော့ခိုင်းစွန့်ခွါခြင်းစသည့် စိတ္တသုခုမကျင့်စဉ်သည်ကား အခက်ဆုံးပင်မဟုတ်ပါလော့။ အပြောလွယ် အလုပ်ခက်ဟူသည်မှာ အမှန်ပင်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းများသည် အကြောင်းကိစ္စရပ်များစွာတို့တွင် လူတိုင်းအတွက် လက်ညှိုးထိုး အဖြေထုတ်သင့်သည့် အဖြေမှန်ထွက်ပေါက်တစ်ခုလည်း အမြဲတမ်း မဖြစ်နိုင်ပေ။

သတိပြုသင့်သည်မှာ သူတစ်ပါးကို ကျင့်ဝတ်စည်းကမ်းဆိုင်၇ာအပြစ်အနာအဆာကို အပျက်သဘောဖြင့် အပြစ်တစ်ခုပြောဆိုမည်ဆိုပါက မိမိကိုယ်တိုင် လူ့ကျင့်ဝတ်စည်းကမ်းတိုင်းကို တကယ်ကော လိပ်ပြာသန့်စွာ လုံခြုံအောင် အမြဲစောင့်ထိန်းနေပါသလားဟုလည်း ဆင်ခြင်သင့်သည်။ အပြုသဘောဖြင့် အမှန်သို့ကား ဖေးမကူညီ ပြုပြင်သင့်သည်။

လောကကြီးအကြောင်းကို အရှိအတိုင်း အမှန်တကယ်သိသောအခါ လုပ်သင့်တာကို တကယ် လုပ်တတ်လာမည်ဖြစ်ပြီး မလုပ်သင့်တာ၊ မကြံသင့်တာ၊ မပြောသင့်တာကို မပြုမူမိ၊ မတွေးမိ၊ မဆိုမိမှာ သေချာသည်။ သိအောင်လုပ်သင့်သည်၊ တိတိကျကျ အပြည့်အစုံသိမှ ကောင်းသည်။ သို့မဟုတ်လျှင် အလွန် အန္တရာယ်များလှသည်။ အကျင့်မပါသော အသိတရားသည် လိုရာခရီးမပေါက်ရောက်နိုင်ပေ။

ကိုယ်ကျင့်တရားဟူသည် ကိုယ်တိုင်ကျင့်ရသည့်တရားဖြစ်သည်။ လူတော် လူကောင်း လူကောင်း လူတော် ဖြစ်ရန် စာရိတ္တမဏ္ဍိုင် ခိုင်ခံမြင့်မားဖို့ အထူးလိုအပ်သည်။

ရှင်၊ ရဟန်းကျင့်ဝတ်များကိုလည်း လူသာမန်များက ကွဲကွဲပြားပြား မှန်မှန်ကန်ကန် နားလည်အောင် လုပ်ထားသင့်သည်။ မပြည့်စုံသော အသိသည် ခြေချုပ်မိတတ်သည်။ ရဟန်းနှင့်လူ၊ ဆရာနှင့်တကာ အပြန်အလှန် အပြုသဘောဆောင်ကာ စောင့်ရှောက်နိုင်ရန်ဖြစ်သည်။ ကိုယ့်ယုံကြည်ရာကိုတောင် ကိုယ်သေချာစွာ မသိနားမလည်လျှင် အဘယ်မှာလျှင် ယုံကြည်မှုအထမြောက်နိုင်မည်နည်း၊ အနှစ်သာရအားဖြင့် အားနည်းလှ၏။

မြတ်စွာဘုရားသာသနာအဆုံးအမရေရှည်တည်တန့် ရှင်သန်ရန်အတွက် မည်သူ့မှာ အဓိက တာဝန်ရှိပါသနည်း။ မြတ်စွာဘုရားအဆုံးအမကို ယုံကြည်လိုက်နာသူတိုင်းမှာ တာဝန်အပြည့်အ၀ရှိသည်။ တာဝန်သိလျှင် ရှင်၊ ရဟန်းရော လူရော လူတိုင်းမှာ တာဝန်ကိုယ်စီ အမှန်တကယ်ရှိသည်ကို နားလည်ရာ၏။

တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ကျေပွန်မှုတို့နှင့်သာ ပိုသက်ဆိုင်မည်။ ပုဂိုလ်ကား ပဓာနမဟုတ်တန်ရာ။ အဘယ်ကြောင့်ဆိုသော် သည်လုပ်ငန်းစဉ်များသည် စိတ်၊ စေတနာ၊ သဒ္ဒါတရားဖြင့် ပြုလုပ်ဖွဲ့စည်းထား၍ပင်။

အရာရာမှာ အကောင်း၊ အဆိုး၊ အတု၊ အစစ်၊ ဖြစ်တည်မှုများရှိကြသည်။ သင် အဘယ်ရှုထောင့်ကနေ ရှုမြင်ယူဆ လုပ်ဆောင်ပါမည်နည်း။ ရွေးချယ်မှုမှန်ကန်အောင် သင့်မှာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ တစ်ဦးတစ်ယောက်နှင့် အသင်းအဖွဲ့တစ်ခုလုံးသည် မတူညီကြောင်း ကောင်းစွာသိနိုင်ရာ၏။ ယင်ကောင်လို အနာကို ရှာ၍ အပုပ်ကို မစားလေနှင့်၊ မဖန်တီးလေနှင့်၊ ပျားလို အလှအပကို ရှာဖွေ၍ ချိုမြိန်မှုကို ဖန်တီးကာ အကျိုးပြုရာသင့်သည်ဟု ရှုမြင်မိသည်။

ရှင်၊ ရဟန်းသည်လည်း ရှင်၊ ရဟန်းကျင့်ဝတ်နှင့်တာဝန်ကို ကျေပွန်သင့်သည်၊ လူသာမန်များသည်လည်း လူ့ဝိနည်းကျင့်ဝတ်နှင့်လျော်ညီစွာ ပြုမူသင့်သည်။ ဒါမှ ချိန်ခွင်လျှာညီမျှကာ သာယာလှပမည်။ နိဂုံးကောက်ချက်တိုင်းသည် အမြဲတမ်း မှန်ကန်သော အဖြေရလဒ်တစ်ခု မဖြစ်နိုင်။

တတ်သိဟန်ယောင်ဝါး ဆရာလုပ်ချင်သူများအတွက် လယ်တီဆရာတော်က ဤကဲ့သို့ ဆုံးမခဲ့ဖူးပါသည်။

တစ်ပိုင်းကြောင် ကျက်စာရရုံနှင့်၊ ခက်ပါလှ သဘောဥာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန် ထူပွါး၊ စောဒက တုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား။

ဘုရားဟော မြတ်ဓမ္မခန်ကို၊ တတ်လေဟန်ယောင်ဝါး၊ ပရမတ်ပြန် အကြောင်သမားတွေတို့၊ ထောင်လွှားကြ သူ့ထက်ငါ၊ အသိဥာဏ် တစ်ထွာလောက်ကယ်နှင့်၊ ညှာမထောက် ဟောတတ်လှပါ။

ပရိသတ် ထောမနာအောင်၊ စောဒနာ-ဥာဏ်အကောက်တွေနှင့်၊ ကန်အကြောက် အတင်းမရှောင်၊ ငြင်းကြလူ့ဘောင်၊

ပိဋကတ် အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။

(မုံရွာမြို့၊ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး)