ကျွန်တော် ကျွန်တော့အဖွားပြောပြပေးခဲ့တဲ့
နတ်သမီးပုံပြင်တစ်ပုဒ်ကို အခုထိမှတ်မိနေဆဲပါ။
တစ်နေ့မှာ အဖွားက ကျွန်တော့ကို
အင်မတန်မှ ချစ်ခင်နှစ်သက်ဖွယ်ပုံပြင်လေးတစ်ပုဒ်ကို ပြောပြတယ်။
ကျွန်တော်ဖြင့် အခုထက်ထိကို မေ့လို့မရနိုင်သေးတဲ့ ပုံပြင်လေးတစ်ပုဒ်ပေါ့။
ပျံလွှားငှက်ကလေးတစ်ကောင်ရှိခဲ့တယ်တဲ့။
သူက ပျော်ပျော်ပါးပါးလေးပဲနေတတ်တယ်။
သူပျံသန်းချင်တဲ့အချိန်မှာ ပျံသန်းပေးနိုင်တဲ့ တောင်ပံလေးတစ်စုံကို သူပိုင်ဆိုင်ထားတာပေါ့။
သူက မြစ်ထဲက ကျူပင်လေးကို မေတ္တာသက်ဝင်ချစ်ခင်ခဲ့မိတယ်။
နေ့စဉ်နေ့တိုင်း သူ့ချစ်သူလေးကို လာတွေ့တတ်တယ်။
သူ့ချစ်သူလေးရဲ့အနားမှာ တောင်ပံလေးနဲ့ ရေလွှာတွေကို ထိတွေ့ကာ လှည့်ပတ်ပျံသန်းရင်း
ငွေရောင် လှိုင်းလုံးလေးတွေကို သူ့ချစ်သူအတွက် သူက ဖန်တီးပေးတတ်တယ်။
ဒီ လူပျိုလှည့်တာက နွေရာသီအကုန်လောက်ထိ တည်တံ့ခဲ့ပေမယ့်
ဆောင်းရာသီမှာတော့ ရာသီဥတုဒဏ်ကြောင့်
သူက ချစ်သူသက်ထား ကျူပင်လေးနားမှ ခွဲခွါခဲ့ရတယ်။
သနားစရာ ကျူပင်လေးရယ်!!
သူလေးက နေ့စဉ်ရက်ဆက် ငိုလျှက် ကြွေခဲ့ရပြီပေါ့။
သူ (မ)တစ်ယောက် အထီးကျန်တစ်ကိုယ်တည်း၊
သူ(မ)ရဲ့ နစ်နာကြေကွဲ နာကြည်းချက်တွေကို နားထောင်ပေးမည့်သူ အလျဉ်းမရှိ။
ပြီးတော့---
ချစ်သူကိုပျံလွှားက သူ့ချစ်သည်းညှာကို တွေ့ဖို့ပင် တစ်ဖန်ပြန်မလာတော့ပါဘူး။
အဲဒီမြစ်ဟာ သူမရဲ့မျက်ရည်စက်တွေနဲ့ ပြည့်လျှံလို့သွားခဲ့တယ်တဲ့။
လေးလေးနက်နက်တွေးချိန့်ကြည့်မိတဲ့ သည်အချိန်အခါမှာ
ဒါဟာ နတ်သမီးပုံပြင်တစ်ပုဒ်မဟုတ်၊
ဒါဟာ ဘ၀ရဲ့တကယ့်သရုပ်အမှန်။
ပျံလွှားငှက်မှာ ပျံသန်းဖို့ တောင်ပံတွေရှိနေပါတယ်၊
ဒါပေမယ့်…….ကျူပင်လေးကတော့ မရှိရှာပါဘူး --။ ။
( Reality -ဆိုတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ကို ရင်ခွင်မဲ့ ခံစားကြည့်ခြင်း )
0 comments:
Post a Comment