ဒမ္ဘူလဘုရား
ဆယ်နာရီဝန်းကျင်တွင် ကားဒရိုင်ဗာရဲ့ Harmutharu, (Monk) This is Dambulla ဆိုတဲ့စကားကြောင့် ကားပြတင်းတံခါးဆီက အပြင်ကို ခဏတာလှမ်းကြည့်မိပါတယ်။ ဘုရားဖူးများကို တိတ်ဆိတ်ငြိမ်သက်စွာစောင့် ကြည့်နေသော ဂရင်းနစ် ကျောက်တောင်ကြီးရဲ့တည်ငြိမ်မှုတွေက စာရေးသူရဲ့ လေလွင့်နေတဲ့အတွေးစများကို ဖမ်းဆုပ်လို့ယူသွားပါ လေရဲ့။
ဟုတ်ပါတယ်။ ဒမ္ဘူလဘုရားနားကို ရောက်ပြီဆိုတာနှင့်တစ်ပြိုင်နက် ဒမ္ဘူလမြို့ဈေးလေးရဲ့တောက်ဖက် ကီလိုမီတာ အနည်းငယ်အကွာမှာ အလွန်ကြီးမားထည်ဝါလှသော ဂရင်းနစ်ကျောက်တောင်ကြီးက ဘုရားဖူး များကို တည်ငြိမ်စွာဖြင့်ဆီးကြိုနေတတ်ပါတယ်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးနေရာ ယူထားသော ကျောက်ဆောင်ကြီးသည် အကျယ်အ၀န်းအားဖြင့် ကီလိုမီတာ ၁၅၂၊ အလျားမီတာ ၃၀၀၊ အမြင့်အားဖြင့် ၃၇ မီတာမြင့်မားသည်ဟုဆိုသည်။
ရံဂိရိဒမ္ဘူလသည် မတလေ (Matale) ခရိုင်တွင်တည်ရှိသော မြို့လေးတစ်မြို့ဖြစ်သည်။ ဒမ္ဘူလ ဘုရားသည် ဒမ္ဘူလရှိနောက်ထပ်ထင်ရှားကျော်ကြားလှသော ဆိဂိရိယကျောက်တောင်မှ ၁၂ မိုင်ကွာဝေးပြီး ကန္ဒီမြို့မြောက်ဖက် ၇၂ ကိုလိုမီတာနှင့်အနုရာဓပူရမြို့အရှေ့တောက်ဖက်၆၄ ကီလိုမီတာအကွာ လမ်းမကြီး ဘေးနားတွင် တည်ရှိပါသည်။
ကျောက်တောင်ကြီးရဲ့ခန့်ညားထည်ဝါမှုဟာ လှပခြင်းတစ်မျိုးဆိုရင်တော့ အဲဒီအလှတရားက စာရေးသူကို ညှိ့ယူဖမ်စားသွားပြီထင်ပါရဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ကားရပ်တာနက်တပြိုင်နက် ဗွီဒီယိုကင်မရာ လေးရယ်၊ ကိုယ့်ရဲ့ အကောင်းဆုံးမဟုတ်ပေမယ့် မရှိကောင်းတဲ့အကောင်းဆုံးကင်မရာလေးရယ်ကိုကိုင်စွဲရင်း ပေါ့ပါးနေတဲ့ခြေလှမ်းတွေက တောင်ပေါ်ဘုရားဆီသို့ဦးတည်နေသွားနေလို့ပါပဲ။ ဘုရားရှင်ရုပ်တုတော်တွေ၊ ဘုရားဖူးဆရာတော်တွေကို အလှအပအတိအကျမဟုတ်ပေမယ့်အမိအရဓာတ်ပုံ၊ ဗီဒီယိုဖမ်းရိုက်နေရတာမို့ ဘုရားအာရုံကို စိတ်ထဲမှာပဲမွှမ်းထုံနေရတယ်။ ဒီကြားထဲ လက်ထဲက ဆရာတော် (S. Dhammika) ဓမ္မိကရဲ့ (Sacred Island ) ဘုရားဖူးလမ်းညွှန်စာအုပ်ကိုလည်း မကြာခဏကုန်းဖတ်ရင်း ဘုရားသမိုင်းကြောင်းလေး တွေကို ရှင်းပြရတာက တစ်မျိုး ဆိုတော့ ကုသိုလ်တွေတော့ အထပ်ထပ်တိုးမယ်ထင်ပါတယ်လေ။
ဘုရားကြီးကျောင်းတိုက်အထဲသို့ဝင်ပြီးလေ့လာကြည့်မယ်ဆိုရင် သီဟိုဘာသာရေးယဉ်ကျေးမှု အနုပညာလက်ရာများနဲ့အတူ ဘုရားသမိုင်းကြောင်းကိုပါလေ့လာဖတ်ရှုခွင့်ရနိုင်ပါတယ်။ ဓာတ်ပုံမှတ်တမ်းတင် ရန် ၀ါသနာပါသူများအနေဖြင့်လည်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ရင်း ဘုရားရင်ပြင်ရဲ့ အေးချမ်းသာယာမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ လမ်းမကြီးကနေ ကျောက်တောင်ပေါ်သို့ လမ်းလျှောက်တက်မည်ဆိုလျှင် ခပ်မတ်မတ် ကျောက်လှေ ကားထစ်များကနေပြီး မီတာ ၃၀၀ ခန့်တက်သွားရပါမည်။ ကျောက်လမ်းခရီး ကျောက်လှေကား ထစ်များ ပေါ်တွင် ရေများရှိနေသဖြင့် သတိထားလျှောက်သွားဖို့လိုအပ်ပါတယ်။ လမ်းတ၀က်မှာ နေပူဒဏ်တွေ ကို ကာကွယ်ဖို့ ထီးလေးတွေသယ်ဆောင်လာသွားလျှင်ပိုမို အဆင်ပြေမှာပါ။ စာရေးသူကတော့ နေပူဒဏ်ကို ဘုရားအာရုံခံကာ အေးချမ်းမှုအဖြစ်ယူဆပြီး သည်းခံလိုက်ပါရဲ့။
ကျောက်လှေကားလမ်းကြောတစ်လျှောက် ဘုရားပန်းတွေ၊ စားသောက်စရာလေးတွေကို လိုက်လံ ရောင်းချပေးနေကြတဲ့ ဈေးသည် တကာတကာမများကို တွေ့ရမြင်ရတဲ့မြင်ကွင်းများက အမောပြေပြီးရွှင်လန်း စေပြန်ပါတယ်။ သီဟိုသူ၊သီဟိုသားတွေက တခြားနိုင်ငံသားအများစု ပိုင်ဆိုင်ဖို့ခက်ခဲလှတဲ့ အဖိုးတန်၇တနာ တစ်ခုကို ပိုင်ဆိုင်ထားသူများဖြစ်ပါတယ်။ အဲဒါကတော့ ရိုးရှင်းဖြူစင်တဲ့ သူတို့ရဲ့ချစ်စဖွယ်အပြုံးလှလှလေးတွေ ပါပဲ။ အသက်အရွယ်မရွေးမည့်သည့်သီဟိုသူ၊ သီဟိုသားကိုမဆို ပြုံးသာပြလိုက်ပါ၊ သူတို့က အလိုလိုကို ခင်မင်တတ်တဲ့အပြုံးလေးတွေနဲ့ ချက်ချင်းပဲ ပြန်လည်မျှဝေပေးတတ်ကြပါတယ်။ ကိုယ်က မေ့နေလို့မပြုံးပြ ဖြစ်ရင် သူတို့က ပြုံးပြတတ်ကြပါတယ်။ သူတို့ရဲ့အပြုံးလှလှလေးတွေဟာ သူတို့ရဲ့ အလှတွေကိုတန်ဆာဆင်ပေး လိုက်သလိုပါပဲ။ သူတို့ရဲ့ ဘာသာတရားအတွေးအမြင်၊ ခံယူချက်များနဲ့ ဘုန်းကြီးတွေအပေါ်မှာ ရိုသေလေးစား ကိုင်းရှိုင်းမှုများကတော့ စံထားလောက်တာ တကယ်အမှန်ပါ။
လမ်းခရီးတစ်လျှောက်မှာ သီဟိုရဲ့ဗိသုကာပညာများကို စိတ်ဝင်တစားလေ့လာမှတ်သားနေကြသော နိုင်ငံတကာက လေ့လာရေးသမားတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေကို တွေ့မြင်ရပြန်တော့ ကိုယ်ကလည်း ဘ၀မှာ တစ်ကြိမ်တစ်ခါလောက်လွပ်လွပ်စွာ သူတို့လိုသွားလာခွင့်၊ လေ့လာခွင့်တွေရဖို့တောင်းတချင်သလိုလို ဖြစ်ခဲ့မိတာတော့ ၀န်ခံစရာလေးတစ်ခုပါပဲ။ အခုလိုသွားလာပြီး ဘုရားဖူးဆရာတော်တွေကို သက်ဆိုင်ရာဘုရား သမိုင်းနဲ့ပတ်သက်လို့ ဖတ်မိသမျှ လိုရင်းကျအောင် ရှင်းပြပေးခွင့်ရတာလည်း လေ့လာခြင်းတစ်မျိုးပါပဲလို့ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ဆုပေးနေမိပြန်ပါတယ်။
ဒမ္ဘူလတောင်ပေါ်မှာ အခြားသောမရှေးဟောင်းကျောက်ဘုရားကျောင်းတော်များလည်း ရှိပါတယ်။ အဓိကပင်မ ဘုရားကျောင်းများကတော့ အမ္ဗုလမ္ဗေ၊ (Ambulambe) ဗမ္ဗာဝ (Bambava)နဲ့ ဒမ္ဘာဝ (Dambava)တို့ပဲဖြစ်ကြပါတယ်။ ဒမ္ဘူလ၀ိဟာရဲ့သမိုင်းကြောင်းက ၇ှည်လျားလှပါတယ်။ ကျောက်လိုဏ်ဂူတစ်ခု ပေါ်မှာ ဘုရင်ကြီးသဒ္ဓါတိဿက ရဟန်းတွေကို လှူဒါန်းထားကြောင်းနဲ့ပတ်သက်လို့ ကျောက်စာမှတ်တမ်းရေး ထိုးထားပါတယ်။ ဘီစီ ၂ ရာစုခန့်က ရဟန်းတော်များ ဒီတောင်ပေါ်မှာ သီတင်းသုံးကာ တရားဓမ္မအားထုတ်ခဲ့ ကြပါတယ်။ ဘေးပတ်ဝန်းကျင်မှာလိုဏ်ဂူပေါင်း ၇၀ ခန့်ရှိသေးသည်ဟုသိရသည်။ စူလ၀ံသအလိုအရ ပေါလုနာရုဝမြို့ကို အုပ်ချုပ်စိုးစံသော ၀ိဇယဗာဟုဘုရင် (၁)သည် သည်ဒမ္ဘူလတောင်ကို ပြန်လည်ပြုပြင်မွမ်းမံ ခဲ့သည်ဟုသိရပါသည်။ ကျောက်စာအဆိုအရ ၁၂ ရာစုတွင် နိဿံကမလ္လာမင်းက ဒမ္ဘူလကိုဘုရားဖူးကြွပြီး လျောင်းတော်မူဘုရား၊ ထိုင်တော်မူဘုရားနှင့် ရပ်တော်မူဘုရားရုပ်တုများကိုထုလုပ်ပူဇော်ခဲ့ပါတယ်။ ပြန်လည်ပြုပြင်မွမ်းမံမှုများလည်းလုပ်ခဲ့ပါသည်။ ထို့အပြင် ဘုရားဆင်းတုတော် ၇၃ ခုကိုပါ ထုလုပ်ကိုးကွယ်ခဲ့ သေးသည်ဟုသိရပါသည်။ ကန္ဒီမြို့ဘုရင် သေနရ်က ဘုရားဆင်းတုများတွင်မျက်စိတော်များကို ပြုပြင်ပြီးပြန် လည်ထည့်သွင်းပူဇော်ခဲ့သည်။ တကယ်တော့ ဒမ္ဘူလတောင်ပေါ်တွင် ၀ိမလဓမ္မသူရိယ (၂) နှင့်အခြားသော ဘုရင်များကပါ ကျောင်းဆောင်များကိုပြုပြင်မွမ်းမံကာ ပူဇော်ခဲ့ကြသည်။
ဒမ္ဘူလဘုရားပေါ်၇ှိ ဆေးပန်းချီ၇ုပ်ပုံများကို ၁၈ ရာစုနှင့် ၁၉ ရာစုအစောပိုင်းတွင်ရေးဆွဲခဲ့တာ ဖြစ်ပါ တယ်။ အခြားအချို့သော ဆေးပန်းချီရုပ်ပုံများကိုမူ ၂၀ ရာစု အစောပိုင်းတွင် ရေးဆွဲခဲ့သည်။ ဒမ္ဘူလလိုဏ်ဂူများ သည် ပြောင်မြောက်လှသော ဆေးပန်းချီ-နံရံပေါ်၊ အမိုးပေါ်ရှိ လက်ရာများကြောင့် ယခုအခါ ပိုမိုထင်ရှား ကျော်ကြားနေပါသည်။ ဆေးပန်းချီပုံစံများကိုမူကား တူညီသောပုံစံများ အဖြစ်ဖြင့် ရေးဆွဲထားခြင်းပင်ဖြစ်သည်။ လိုဏ်ဂူအတွင်းရှိ ပုံများသာ ဆေးရောင်များကျန်ရှိပါတော့သည်။ အပြင်မျက်နှာပြင်ရှိ ဆေးပန်းချီးများသည်ကား ရာစုနှစ်ပေါင်းများစွာပြန်လည်ပြုပြင်မွမ်းမံထားပုံရပါသည်။ ဘုရားရုပ်တုများကိုမူ သစ်သား၊ ပလာစတာ၊ ကျောက်တုံးစသည်တို့ဖြင့် ပုံစံအလိုက်ထုလုပ်ထားသည်ဟု သိရပါသည်။ အဆိုပါရုပ်တုများမှာ ဖြစ်နိုင်ခြေ အားဖြင် အနုရာဓပူရခေတ်နှောင်းပိုင်ခန့်ကဟု ခန့်မှန်းရပါတယ်။
သည်ကျောင်တောင်လိုဏ်ဂူဘုရားဆီကို ရောက်ပြီဆိုတာနှင့် ပထမဆုံး ဒေ၀ရာဇာလိုဏ်ဂူနှင့် ဗိဿနိုးကျောင်းဆောင်သေးသေးလေးကိုတွေ့နိုင်ပါသည်။ အဆိုပါ ကျောင်းဆောင်းလေးမှာ ကင်မရာတွေနှင့် တဖြတ်ဖြတ်အလုပ်ရှုပ်နေကြသောတိုးရစ်စ်များနှင့် ဟိန္ဒူနတ်ဘုရားဆီမှာ ဆုတောင်းနေသော ဒေသခံတစ်ချို့ ကို လေ့လာတွေ့ရှိနိုင်သည်။ ဒေ၀ရာဇလိုဏ်ဂူသည် ဒမ္ဘူလတွင် အကြီးမားဆုံးနှင့်အရေးအပါဆုံး လိုဏ်ဂူ ဖြစ်ပါတယ်။ သည်ဂူတွင် ဆေးဆိုးပန်းချီပုံများ ၆၀ အထိရှိသည်ဟု လေ့လာသိရှိရပါတယ်။ လိုဏ်ဂူသည် ၃၇ မီတာရှည်လျားပြီး ၂၃ မီတာကျယ်ဝန်းကာ၊ ၂၇ မီတာမြင့်မားမှုရှိပါသည်။ ဒုတိယအကြီးဆုံလိုဏ်ဂူမှာမူ မဟာအတုလဂူပင်ဖြစ်သည်။ ၂၇ မီတာရှည်လျားပြီး၊ ၂၄ မီတာကျယ်ဝန်းကာ ၁၁ မီတာမြင့်မားသည်။ သမိုင်းဝင်ဒမ္ဘူလလိုဏ်ဂူတွင်ဘုရားဖူးရတာ အေးချမ်းမှုအပြည့်အ၀ရရှိတာတော့အမှန်ပါပဲ။ ကျောက်ဆောင်က အေးချမ်းပြီးတိတ်ဆိတ်နေတာမို့ ဘုရားအာရုံပြုရတာ ပိုမိုလွယ်ကူတာပေါ့လေ။ တတ်နိုင်သမျှ ဘုရားဂုဏ်ကို အာရုံယူပြီး ဘုရားပန်းကို ကပ်လှူပူဇော်ရတာဖြင့် ရင်ထဲမှာ အေးချမ်းလှပါတယ်။
စာရေးသူတို့က ကမ္ဘာမှာ အကောင်းဆုံး၊ ခေတ်အမီဆုံးဖက်ရှင်ဝတ်စုံနဲ့ နိုင်ငံခြားသား တက္ကသိုလ်ကျောင်းသားတွေ၊ဘုရားဖူးဘုန်းကြီးတွေဆိုတော့လည်း ဒေသခံတွေရော၊ ကမ္ဘာလှည့်ခရီးသည်တွေ ကပါ စာရေးသူတို့နဲ့ စကားစမြည်းပြောချင်ကြတာ၊ ဓာတ်ပုံတွဲရိုက်ချင်ကြတာဟာ သိပ်အံ့သြစရာမဟုတ် လှဘူးထင်မိပါရဲ့။ ဗွီဒီယိုကင်မရာကိုခဏပိတ်ကာ ရှည်လျားဝေးလံလှတဲ့တောင်အောင်မြင်ကွင်းကျယ်ကြီး လှမ်းမျှော်ကြည့်ရင်း နောက်ထပ်ဆက်သွားရမည့် ဆိဂီရိယကျောက်တောင်ခရီးဆီသို့ အတွေးတွေကစီးဆင်း လို့သွားပြန်တယ်။ ။
0 comments:
Post a Comment