Subscribe:
Life Is Not What You Think But What You Choose and Do. What is certain in the uncertain life is what you are doing now, which is the opportune moment to mould your life

Pages

Monday, August 15, 2011

ဒဿနဆရာ ဆရာကြီး ဦးသိန်းဇံ အမှတ်တရ ဂုဏ်ပြု လွမ်းခြင်းများ----




ဆရာကြီးရဲ့ကြီးမားတဲ့ အတွေးအမြင်များနဲ့ ဆရာကြီး စိုက်ပျိုးပေးခဲ့တဲ့ အတွေးအမြင်မျိုးစေ့များဟာ ဆရာကြီးရဲ့ တပည့်၊ သားမြေး၊ စာဖတ်ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ရှင်သန် စီးဆင်းလို့ လန်းဆန်းနေကြမြဲပါ ဆရာ။ ဆရာ့ဂုဏ်သတ္တိတွေကို သတိရ အောင့်မေ့နေကြမှာပါ---------------------------

ယုံကြည်မှုတွေကို ကိုယ့်စိတ်ကြိုက်ဘောင်ခတ်လို့ အနားမသတ်မိစေဖို့ လမ်းညွှန်နည်းပြပေးခဲ့တာ ဆရာ။

ပုံစံ (အသွင်q¤an\) နဲ့ လုပ်ဆောင်ချက် (=Form and Function) တို့ ချိန်ခွင်လျှာညီမျှရေးဟာ လူ့ဘ၀မှာ အလွန်ရေးပါတာကို သိမြင်နားလည်တတ်ဖို့ လမ်းညွှန်ပေးတတ်တဲ့ ဆရာ။

လူကိုခင်လို့ မူကိုပြင်စို့ဆိုတာမျိုးမလုပ်မိစေဖို့ Lectures ပေးတိုင်း သတိပေးတတ်တဲ့ ဆရာ။

အတ္တမကင်းသေးပေမယ့် အတ္တစွဲ၊၀ါဒစွဲတွေ--တွေ--တွေ အရမ်းမကြီးကြဖို့သတိပေးတတ်တဲ့ဆရာ။

အရာရာကို ယထာဘူတကျကျ ချဉ်းကပ်ရှုမြင်တတ်ဖို့ lectures တိုင်းမှာမျိုးစေ့ချပေးတတ်တဲ့ ဆရာ။

ဒဿနဟာ ကိုးကွယ်စရာမဟုတ်ပေမယ့် ဒဿနကို ချစ်ခင်လေးစားတတ်ဖို့ သင်ပြပေးခဲ့တဲ့ ဆရာ။


ဘ၀ရဲ့ ခရောင်လမ်းကိုဖြတ်ကျော်လို့ ပန်းခင်းတဲ့လမ်းကို ဟန်ချက်ညီညီလျှောက်လှမ်းတတ်ဖို့

ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းဖြင့်သင်ပေးပြသခဲ့တာ ဆရာ။

လူသားတစ်ယောက်မို့ အချစ်ကိုခင်တွယ်ချင်မိတယ်ဆိုရင် အချစ်အကြောင်းသိမြင်နားလည်တတ်ဖို့

ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ ဖြင့် သင်ပြဆုံးမပေးခဲ့တဲ့ ဆရာ။

မိမိရဲ့လုပ်ရပ်တွေဟာ မိမိရဲ့နောင်တတွေမဖြစ်မိစေဖို့ နောင်တကင်းရာသို့ ဖြင့် လမ်းညွှန်သင်ပြပေးခဲ့တဲ့ဆရာ။

ဘ၀မှာ မိတ်ဆွေဟာ အလွန်အရေးပါတာကြောင့် မိတ်ဆွေကောင်းနဲ့ခရီးသွားခြင်း ဖြင့် သတိပေးလမ်းညွှန်ပြသခဲ့တဲ့ ဆရာ။

အတွေးတွေနဲ့ မိတ်ဖွဲ့တတ်ဖို့ မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများဖြင့် မိတ်ဆက်ပေးခဲ့တဲ့ ဆရာ။

ရှုပ်ထွေးပွေလီလို့ ခက်ခဲလှတဲ့ ဒီဘ၀ကို ဘ၀အဓိပွါယ်နဲ့ဘ၀သစ္စာဖြင့် ရှင်းလင်းပြသချပြပေးခဲ့တဲ့ ဆရာ။

-မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်၊

မင်းအိမ်ရွှဲစို၊ အမိုးယိုသော်၊

မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့-- စတဲ့ ဆရာဇော်ဂျီရဲ့မင့်အိမ်ကဗျာကို ဆရာလက်ချာပေးလို့ အနက်များစွာဖြင့်တွေးဆပြခဲ့ပုံးများကို ဆရာတပည့်တွေ ထာဝရမှတ်မိနေဆဲပါ ဆရာ။


ဘ၀တစ်ခုရဲ့ တစ်ဆစ်ချိုး ဘယ်လိုကွေ့လို့ ဘယ်လို ရွေးရမှန်းမသိဘဲ ချောင်ပိတ်မိနေချိန်မှာ ဆရာစာကိုတွေကို ဖတ်ရင်း မှတ်သားနေခဲ့တယ်၊ ဆရာရေးတဲ့ ဇင်ရောင်ငှက်လေးရဲ့ အပျံသင်စွန့်စားခန်းကို အားကျလို့ ပြည်ပထိ ပညာသင်ဖို့ ရွက်လွင့်ရဲခဲ့တယ် ဆရာ။

နာယကဂုဏ်တွေကို အလွတ်မရပေမယ့် ဆရာသင်ပေးခဲ့တဲ့ အနာယက ဂုဏ်များကိုမှတ်သားလို့-- ဂဏန်း၊ ပုပ်သင်၊ ကိုင်းပင်၊ နသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ၊ မှတ်ကြအနာယက-- လို့ရွတ်မိတိုင်း ဆရာ့ကျေးဇူးကို ဦးခိုက်ဆဲပါ ဆရာ။

နပသတက္ကသိုလ်ကြီးရဲ့ စာသင်ခန်းတွေဟာ ပို့စ်မော်ဒန်အတွေးအမြင်များမွေးဖွားရှင်သန်လို့ ထာဝရ လန်းဆန်းနေစေခဲ့တာဟာ ဆရာ့ရဲ့ ပြောင်မြောက်လှတဲ့ ဒဿနလက်ချာတွေကြောင့်ပါ ဆရာ။

နပသတက္ကသိုလ်ကြီးရဲ့ ကျေးဇူးတရားကို အောက်မေ့တိုင်းဆရာကျေးဇူးတွေဟာ ထပ်တူပါနေမြဲပါပဲ ဆရာ။

သုံးနှစ်သုံးမိုး နည်းပေးလမ်းညွှန်သင်ပြပေးခဲ့တဲ့ ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို ချီးကျူးလို့ ထုတ်ဖော်ပြသ ချင်ပေမယ့် အသိမြင်မကြွယ်သေးလို့ ထုတ်ဖော်ဖို့ မတတ်ကျွမ်းသေးတာ ခွင့်လွှတ်ပေးပါ ဆရာ။-----------

ဆရာကြီး ကောင်းရာ သုဂတိဘုံဌာနမှာ လျှောက်လှမ်းလို့ နောက်ထပ်လောကကောင်းကျိုးတွေကို သယ်ပိုး ပေးနိုင်ပါစေ--


0 comments:

Post a Comment